ပရိတ်သတ်တွေကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး လို့ ကတိပေးလိုက်တဲ့ အဆိုတော် မရန်ဆိုင်းနော်နှင့်တွေ့ဆုံခြင်း


Seng-Naw
ပရိတ်သတ်တွေကို ရင်ဘတ်ထဲက ခံစားမှုတွေနဲ့ဖျော်ဖြေချင်တဲ့ ကချင်အဆိုတော် မရန်ဆိုင်းနော် (Maran Seng Naw) နဲ့ တွေ့ဆုံချိန်မှာ မကြာမီ အချစ်သီချင်း စီးရီးခွေထွက်နိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ သီချင်းတွေအမြဲတမ်း ထွက်နိုင်ဖို့ကြိုးစားမှုဟာလည်း “ပရိတ်သတ်လက်ခံအားပေးမှုမရှိရင် အဆိုတော် မရန်ဆိုင်းနော် ဆိုတာရှိလာစရာ အကြောင်းမရှိပါဘူး” လို့ KNG ကချင်သတင်းဌာန က ထွယ်ဆန် (Htoi San) နဲ့တွေ့ဆုံခဲ့ချိန် မေးမြန်းထားတာကို ပြောဆိုလာပါတယ်။

မေး။  ။စီးရီးသစ် သီချင်းခေါင်းစဉ်ကိုဘယ်လို ပေးထားပါသလဲ။
သီချင်းခွေခေါင်းစဉ်ကို "Valentine" ဆိုပြီးပေးထားတယ်။ Valentine ဆိုကတည်းက အားလုံးကလည်း သိနားလည်နေပြီဖြစ်တဲ့အတိုင်း ချစ်သူများနေ့ကိုဆိုချင်တာပါပဲ။

မေး။   ။ဘယ်လိုစိတ်ခံစားမှုနဲ့ဒီခေါင်းစဉ်ကိုရွေးချယ်ရတာလဲ။
ဒီအခွေထွက်ဖို့ ချစ်သူများနေ့ ဖေဖော်ဝါရီလ မဟုတ်ပေမဲ့ ချစ်သူများနေ့ဆိုပြီး ကိုယ့်ရဲ့ခံစားချက်လေးနဲ့ကိုယ့်ရဲ့ ချစ်သူများနေ့ဆိုပြီးပေးထားတာပါ။ စိတ်ခံစားမှု အမျိုးမျိုးရနိုင်အောင်ဖော်ပြပေးချင်လို့ပါ။

မေး။   ။ကချင်သီချင်း ဒါမှမဟုတ် မြန်မာသီချင်းလား။
ကချင်လိုဆိုထားတယ်၊ ဒီခွေစလုပ်တုန်းက မြန်မာလိုလုပ်ဖို့ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်ဘူး။ နောက် ကချင်တိုင်းရင်းသားဘာသာစကား ခြောက်မျိုးနဲ့ပြန်ပြီးစဉ်စားတယ်။ ဒါလည်းမဟုတ်တော့ပြန်ဘူး။ အခုတကယ် အခွေသစ်မှာပါမယ့် သီချင်းက ကချင်သီချင်းနဲ့ အင်္ဂလိပ်သီချင်းနှစ်မျိုးပေါင်းပြီး စီစဉ်ထားပါတယ်။

မေး။   ။ခွေကိုဘယ်လိုပုံစံနဲ့ထုတ်သွားမှာလဲ။ တကိုယ်တော်လား စုံတွဲနဲ့ဆိုထားတာလား။
VCD နဲ့ထုတ်သွားမှာပါ။ ဒါပေမဲ့ ပထမ Audio နဲ့အရင်ထုတ်သွားမယ်။ ပြီးမှ VCD ပြန်ထွက်မယ်။ သီချင်းကို တစ်ကိုယ်တော်ဆိုဒါပါ။ အတွဲမပါထားဘူး။

မေး။    ။စီးရီးခွေသစ်လေး ထပ်ထုတ်နိုင်တဲ့အပေါ်မှာ ဘယ်လိုပြောချင်ပါလဲ။
သုံးခွေမြောက် ကချင်သီချင်းလေးပေါ့နော်။ ကျွန်တော်က သီချင်းပဲဆိုတတ်တဲ့အခါကျတော့ ကျွန်တော်ချစ်တဲ့ ပရိတ်သတ်တွေကို အနုပညာနဲ့ ဖျော်ဖြေပေးသွားချင်တယ်။ သီချင်းဆိုချင်ပါတယ်။ တကယ်တမ်းဆိုရင် သီချင်းခွေ ထွက်တာတစ်ခွေနဲ့တစ်ခွေ ထွက်တာအချိန် သိပ်မကြာရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ အချိန်တွေကွာတာ။ နောက်ဆုံးထွက်ထားတဲ့ခွေ "Mu Sai" ခေါင်းစဉ်နဲ့ ၂၀၁၀ မှာ ထွက်ထားတယ်။ အခု "Valentine" ခွေကို ၂၀၁၃ မှာမှ ထွက်နိုင်ခဲ့တယ်။ အမြဲတမ်းပရိတ်သတ်ကို ဖျော်ဖြေပေးချင်တဲ့စိတ်ကြောင့် ပြန်ပြီးအခွေထွက်ဖြစ်လာတာပါ။ အားပေးကြပါ။

မေး။   ။အခက်အခဲဘာတွေရှိလဲ။
စီးရီးတစ်ခုထုတ်တဲ့အခါ ပထမကငွေကြေးပေါ့၊ ငွေရှိထားမှလုပ်ငန်းစတင်လို့ရတယ်။ တိုင်းရင်းသားအနုပညာသမားတွေထဲမှာ ဆိုရင် အယောက် ၂၀၊ ၃၀ မှာမှ ပိုက်ဆံရှိတဲ့သူ ၁ဦးလောက်ပဲ ပါတာ။ အနုပညာသမားတွေက ကိုယ့်ရဲ့ရင်ဘတ်ထဲမှရှိတဲ့ အရာတွေကို ထုတ်ပြချင်လို့ လုပ်နေကြတယ်။ ကြိုးစားခွေထုတ်ကြတယ်။ ပထမကငွေကြေးပေါ့။ နောက်တစ်ခုက ရောင်းဖို့ အခက်အခဲ ကချင်ပြည်သူ ၅သိန်းရှိတယ် ဆိုပါစို့ ဒီထဲမှာ ခွေဝယ်တဲ့သူ ၁သောင်းမပြည့်ဘူး။ လူ ၁ သောင်းလောက်ခွေဝယ်တယ် ဆိုရင်တော့ အရင်းပြန်ပြီးထုတ်နိုင်တယ်။ ဒါကကျွန်တော်တွေ့ကြုံရတဲ့ အခက်အခဲပါ။ အနုပညာအဆိုတော် သမားအများပိုင်းကလည်း ခက်ခဲမယ်လို့ ထင်ပါတယ်။

မေး။   ။Valentine စီးရီးခွေဘယ်အချိန်ထွက်မှာလဲ။
သြဂုတ်လ မှာ ထွက်နိုင်အောင်စီစဉ်ထားပေမယ့် အခြေအနေအရ အောက်တိုဘာလမှပဲ ထွက်နိုင်အောင် ပြင်ဆင်ထားပါတယ်။

မေး။   ။အသစ်ထွက်မဲ့စီးရီးခွေပေါ် ပရိတ်သတ်ရဲ့အားပေးမှုမျှော်လင့်တဲ့အတိုင်းအတာ။
10 thousands hundred percent ပရိတ်သတ်ကိုယုံအားပေးပါလို့ ယုံကြည်ထားတယ်၊ ကျွန်တော်ပြောနေကျစကားလေးက ပရိတ်သတ်များအားလုံးက ကျွန်တော့်ရဲ့ဆွေမျိုးတွေဖြစ်ပါတယ်၊ ပရိတ်သတ်လက်ခံအားပေးမှုမရှိရင် အဆိုတော်မရန်ဆိုင်းနော် ဆိုတာရှိလာစရာအကြောင်းမရှိပါဘူး။ အခုတစ်ခါ လည်းပြန်ပြီးအားပေးမယ်လို့ယုံကြည်ပါတယ်။ ခွေသစ်ကိုလည်း တကယ် ကောင်းအောင်ကြိုးစားထားတယ်။ ဒါကြောင့်အားပေးပါလို့ မေတ္တာရပ်ခံပါတယ်။

မေး။   ။ ထုတ်ခဲ့ပြီးတဲ့ စီးရီးခွေဘယ်လောက်လောက်ရှိပြီလဲ။
ပထမဆုံးစီးရီးကို ၂၀၀၄ မှာ Tsaw N Hkru" ဆိုပြီးစထွက်တယ်။ ပြီးတော့ ၂၀၀၈ မှာ "Mu Sai"၊ ၂၀၀၉-၂၀၁၀မှာ "Mu Sai" ခေါင်းစဉ်ကို VCD ပြန်ထုတ်တယ်။ သုံးခွေမြောက်မှာ ၂၀၁၂ မြန်မာသီချင်းဆိုထားတယ်။ "အချစ်ကြောင့်"ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့၊ အခုအသစ်ထွက်မည့်ခွေကို ကျတော့ ၂၀၁၃ ပေါ့နော် "Valentine " ဆိုပြီးတေးစီးရီး Title  ပေးထားပါတယ်။

မေး။   ။မရန်ဆိုင်းနော် အနုပညာခရီး ဘယ်အချိန်ကနေစတင်ခဲ့တာလဲ။
ကျွန်တော်က ဟိုငယ်ငယ်လေး ၂တန်း ၃တန်းလောက်ကတည်းက ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ ဆိုတယ်။ တကယ် Professional အနေနဲ့ဆိုရင် ခုနှစ်တန်းလောက်ကပေါ့။ အဲဒီကတည်းက သီချင်းဆိုရင်းနဲ့ပိုက်ဆံရနေပြီ။ ဒါကြောင့် professional လို့တွက်တာပါ။ ကျောင်းတွေတောင် ပြေးပြီးနယ်တွေမှာ သီချင်းလိုက်ဆိုဖူးတယ်။ ၂၀၀၄ မှာက တေးစီးရီးထွက်တဲ့ ခု နှစ်ဖြစ်တဲ့ အတွက် အနုပညာလောကထဲကို စဝင်တဲ့ ခု နှစ်ဆိုပြီး မှတ်ထားပါတယ်။ လာမယ့်နှစ်ဆိုရင် အနုပညာလောကထဲကို ဝင်တာ ၁၀ နှစ်ပြည့်ပြီ။

မေး။   ။ဘယ်လောက်အတိုင်းအတာထိ အနုပညာလုပ်ငန်းကို ခရီးဆက်သွားမှာလဲ။
အဆုံးထိသွားချင်တယ်၊ အနုပညာသမားတွေက ဆိုတယ်၊ ကတယ်၊ ပိုက်ဆံရှာရတယ်။ ပြီးတော့ ကိုယ်ထွက်လိုက်တဲ့ တေးစီးရီးဖို့ ပြန်ပိုက်ဆံ ပြန်စုဆောင်းရ။ ဒါပေမဲ့ မေတ္တာစေတနာရှင်တွေရဲ့ အကူအညီနဲ့ပဲ ပြီးဆုံးအောင်လုပ်ကြတယ်။ ရောင်းထားတဲ့ ခွေပိုက်ဆံပြန်ကောက်ချိန်၊ အဲဒီ လိုအချိန်တွေကြန့်ကြာနေရပါတယ်။ ကမ္ဘာ့ အနုပညာအဆင့်ထိသွားနိုင်တဲ့ စိတ်ကလေးတော့ မွေးထားတယ်။ အခွင့်အခါလည်းရချင်တယ်။ ကချင်သီချင်းတွေသာမက မြန်မာသီချင်းကို တတ်နိုင်သလောက် သီဆိုသွားမယ်။ အနုပညာဘက်စုံလည်း ကြိုးစားသွားမယ်။

မေး။   ။အနုပညာလုပ်ရင်းနဲ့ တခြားဘာတွေလုပ်ဖြစ်သေးလဲ။
လာမယ့်လမှ လူငယ်တွေကို ပညာပေး message ဇတ်ကားတစ်ကား ရိုက်ဖို့ရှိတယ်။ ကျွန်တော်ရယ် အဆိုတော် အော်ရာလီ၊ အဘားဒီး၊ ဂျွမ်ဇန်ဒေါင်လွမ်း တို့ပါဝင် သရုပ်ဆောင်ထားတယ်။ ဇာတ်ကားခေါင်းစဉ်လည်း မသိသေးဘူး။ သြဂုတ်လမှ စ ရိုက်မှာ ဆိုတော့ စိတ်လည်းလှုပ်ရှားတယ်။ ဒီကားမှာ ဆိုင်းနော် ပထမဆုံး သရုပ်ဆောင် လုပ်ဖြစ်မှာဆိုတော့လေ။ အရင်က သရုပ်ဆောင်တယ်ဆိုပေမဲ့ သီချင်းခွေတွေမှာလုပ်တယ်။ ဇာတ်ကားမှာ အခုတခါကျမှ စပြီးသရုပ်ဆောင်ဖြစ်မှာပါ။

မေး။    ။မရန်ဆိုင်းနော်ကို အားပေးနေတဲ့ပရိသတ်ကိုဘယ်လိုမြင်ပါသလဲ။
အနုပညာ မခံစားတတ်တဲ့သူတစ်ယောက်ဟာ အဆီအနှစ်မရှိတဲ့လူနဲ့တူတယ်။ ဥပမာ- ကိုးရီးယားလူမျိုး သူတို့ရဲ့ အနုပညာနဲ့ ကမ္ဘာမှာ တင့်တယ်နိုင်တယ်။ သူတို့ရိုးရာ၊ ယဉ်ကျေးမှု တွေကိုဖော်ပြကြတယ် ထင်ဟပ်နိုင်တယ်။ အနုပညာကို အားပေးဝါသနာ ပါသူတွေကလည်း အာလဟသမဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်တိုင်းဟာ လူကို မိနစ်၊ စက္ကန့်ပိုင်းဖြစ်ဖြစ်ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ရစေပါတယ်။ ဒီလိုအားပေးမှုပေးနေတဲ့အတွက်ကြောင့်လည်း ဂုဏ်ယူပါတယ်။

မေး။   ။အဆိုတော်မရန်ဆိုင်းနော်ဆိုပြီး ပရိတ်သတ်လက်ခံသိထားသောသီချင်းများကိုလည်း ပြောပါအုံး။
ပထမစီးရီခွေထဲက "Tsaw Myit Nga Shara"၊ နောက် "Nang N Hkrak Ai" နဲ့ "Mu Sai" အပုဒ်က ပရိတ်သိပိုပြီး လက်ခံအားပေးတယ်။ ပရိတ်သတ်က သီချင်းကြိုက်လို့ လူကြိုက်လို့ တော့မဟုတ်ဘူးလို့ထင်တယ်။ တွေ့ဖန်များပြီးအားပေးတယ်၊ ပရိတ်သတ်ရဲ့ ချစ်ခြင်းမေတ္တာ တရားတွေနဲ့ပါ။ အကြိုက်သီချင်းတွေက တစ်နေရာနဲ့တစ်နေရာ မတူကြဘူး။

မေး။   ။ပရိတ်သတ်ကိုဘာပြောချင်လဲ။
ဆိုင်းနော်ကိုချစ်တဲ့ ပရိတ်သတ်များကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူးလို့ကတိပေးပါတယ်၊ အသစ်ထွက်မဲ့ခွေကိုသေချာ စီစဉ်ထားတယ်။ Cover တွေကအစ တကယ်ကောင်းအောင်လုပ်ထားတယ်။ အကောင်းဆုံးသီချင်းတွေကို ရွေးချယ်ထားတယ်။ ဆိုင်းနော်လည်း ဒီခွေထဲက အားလုံးအကြိုက်တွေကို ရွေးထားဒါကြောင့်မို့ လိုအပ်တဲ့နေရာတွေမှာလည်း ခွင့်လွှတ်နားဆင်ပေးကြပါလို့ နှုတ်ဆက်ချင်ပါတယ်။ ပရိတ်သတ် အားလုံးကိုအရမ်းချစ်ပါတယ်။

  • Popular

  • Latest