ကချင်ပြည်နယ်မှ အမျိုးသမီး ပါတီကိုယ်စားလှယ်လောင်းများ အောင်မြင်မှုရရှိနေ

၂၀၁၀ခုနှစ်ပြည်ထောင်စုရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးအနည်းငယ်သာပါဝင်သော်လည်း လူထုစည်းရုံးရေးတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေပြီး အောင်မြင်မှုများ ရရှိနေကြပါသည်။


မဲဆန္ဒနှယ်အသီးသီးတွင် အမျိုးသားနှင့်ယှဉ်ပြိုင်ကြသည့် အမျိုးသမီးများသည် အမျိုးသားများထက် လူထုက ပို၍သဘောကျလက်ခံနေကြောင်း ပါတီဝင်အမျိုးသမီးများက ဆိုပါသည်။

ကချင်ပြည်နယ်မှအမျိုးသမီးကိုယ်စားလှယ်လောင်းများသည်မြို့ပေါ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာများ၊ ဝေးလံခေါင်းပါးသည့်ကျေးရွာ၊ တောတောင်များတွင် ပြည်သူ လူထုအား ပါတီစည်းရုံးရေးဆင်းနေကြပါသည်။ ထိုအမျိုးသမီးများသည် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်ခရိုင်တို့မှ ယှဉ်ပြိုင်အရွေးခံရန် စည်းရုံးနေကြသည်။
NDF-Bawk-Ja
အင်ဂျန်းယန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ UDPKS (စည်းလုံးညီးညွတ်ရေးနှင့် ဒီမိုကရေစီ-ကချင်ပြည်နယ်)  ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေ ဒေါ်ဒွဲဘူသည် တောင်သူများနှင့်အတူ လယ်ယာ စိုက်ခင်း၌ အလုပ်လုပ်ရင်းမဲဆွယ်စည်းရုံးရသည်မှာ လူထုအားပေးမှုပိုရရှိနေကြောင်း ယခုကဲ့သို့ပြောသည်။

“အင်ဂျန်းယန်မှာပေါ့နော၊နေ့လယ်ပိုင်းဆိုတော့တောင်ယာသွားကြတဲ့အခါပေါ့။ သူတို့နဲ့တသားတည်းဖြစ်အောင် တောင်ယာလိုက်သွားတယ်။ သူတို့နဲ့အတူတူအလုပ်လုပ်တယ်ပေါ့နော။ သူတို့ဘဝကိုလည်း လေ့လာလို့ရတယ် ပေါ့နော။ စည်းရုံးရေးလုပ်တဲ့မှာပေါ့နော အမျိုးသမီးလူထုက ပိုများနေတယ်။ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြတဲ့အခါမှာသူတို့က လက်ခံတယ်၊ သူတို့ကိုယ်တိုင်ကိုက တက်ကြွလာတာ ပေါ့နော။”

သူမသည်မြစ်ကြီးနားမြို့တွင်နေထိုင်ကာ ၁၉၈၇ခုနှစ်တွင် LLB ဥပဒေဘွဲ့ရပြီး ၁၉၉၁ခုနှစ်မှ မြစ်ကြီးနားတရားရုံး ၌ ရှေ့နေတာဝန်ထမ်းဆောင်ခဲ့သည်။

သူမ၏ပြိုင်ဘက်များမှာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးအင်ဆင်းနော်အောင် ဖြစ်သည်။

တနိုင်းမြို့နယ်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း UDPKS ပါတီမှဒေါ်ရှဒေါင်ခေါန်တောင်သည် နှလုံးအားနည်းရောဂါဖြစ်နေသော်လည်း သူမ၏ပါတီစည်းရုံးရေးကိုယ်စားလှယ် ဒေါ်ကရန်ထုရှန်မှ စည်းရုံးရေး ဆင်းပေးနေပါသည်။ သူမ၏စည်းရုံးရေးမှာအောင်မြင်မှုများရရှိနေကြောင်း ယခုကဲ့သို့ပြောသည်။

“တနိုင်းမဲဆန္ဒနယ် (၁)၊ မဲဆန္ဒနယ်မြေ (၂) အကုန်လုပ်ပြီးပြီ။ အစ်မတို့သွားတဲ့နေရာက တနိုင်းနယ် တစ်နယ်လုံး တစ်ခုလုံးပဲ။ ထင်ထားတာထက်တောင် ပိုအောင်မြင်ပါတယ်ရှင့်။”

ဒေါ်ရှဒေါင်ခေါန်တောင်သည်ရှဒေါင်စောဘွားရှဒေါင်ထိန်နန်၏ သမီးဖြစ်သည်။ သူမသည် မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး Jadeland ကုမ္မဏီမှ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

သူမနှင့် ယှဉ်ပြိုင်သွားမည့်သူသည် တစည ပါတီမှ ဦးဘရန်ရှောင်ဖြစ်သည်။

ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်းဦးအုန်းမြင့်နှင့်ပြည်သူ့လွှတ်တော်အတွက်ယှဉ်ပြိုင်နေသည့် NDF (အမျိုးသား ဒီမိုကရေစီအင်အားစု) ပါတီမှအမျိုးသမီးတစ်ဦးဖြစ်သော ဒေါ်ဘောက်ဂျာက သူမ၏ လှုပ်ရှားမှုကို ယခုလိုပြောသည်။

“အားလုံးကဆာငတ်နေကြတော့ လိုက်လိုက်လဲလဲကြိုဆိုပါတယ်။ အဆင်ပြေမှာပါ၊ အားလုံးဒီမှာက သူတို့ပိုသိနေကြတယ်၊ သိပ်မခက်ပါဘူး။”

ကားမိုင်းမြို့တွင်အစမ်းမဲထည့်ကြည့်သောအခါဒေါ်ဘောက်ဂျာ၏ ခမောက်ပုံပါ NDF ကို မဲပိုထည့်ကြကြောင်း မဲစည်းရုံးရေးမှုးက ပြောပြသည်။ အယောက် ၄၀ တွင် အယောက် ၃၀ ကျော်က ခမောက်ပုံကိုမဲ ပေးကြကြောင်း စည်းရုံးရေးမှုးကပဲ ပြောသည်။

ဒေါ်ဘောက်ဂျာယှဉ်ပြိုင်မည့်ဖားကန့်မြို့နယ်မှဒေသခံတစ်ဦးက သူမသည်ပြည်သူကို စေတနာထားပြီး ကူညီသည့်အတွက်ကြောင့် ပိုပြီးစိတ်ဝင်စားမှုရှိကြောင်း ယခုလိုပြောသည်။

“အမျိုးသမီးအနေနဲ့အားပေးတာတော့အများကြီးရှိတယ်လေ။ ဘာကြောင့်လဲဆိုတော့ဘာကြောင့် အမျိုးသမီးတွေ ပြိုင်ရလဲပေါ့၊ ဒါမဲ့သူရဲ့ လုပ်ဆောင်ချက်အပေါ်မှာ ရော၊ ဒီပါတီရဲ့အပေါ်မှာရော၊ အဓိကတော့ ဒီကချင်ပြည်နယ် ထဲမှာဆိုလည်း ပါတီရော၊ သူ့ကိုရော၊ စိတ်ဝင်စားမှုရှိတာပေါ့။”

ဒေါ်ဘောက်ဂျာသည် ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္မဏီမှ လယ်ယာမြေအဓမ္မသိမ်းယူနေသည့်အပေါ် တောင်သူများဘက်မှ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးနေသူဖြစ်သည်။

အငြိမ်းစား ရုက္ခဗေဒပါမောက္ခဒေါ်ဖောင်ရန်ဘောက်ဂျာသည် ဆွမ်ပရာဘွမ်ခရိုင်ကိုယ်စားပြု တစည ပါတီမှ ပြည်နယ်လွတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ရန်လူထုစည်းရုံးမှုများ၌ ပြည်သူလူထု၏ ထောက်ခံမှုရရှိ ကြောင်း သိရသည်။

၁၉၉၀ ခုနှစ် အထွေအထွေပါတီစုံရွေးကောက်ပွဲကြီးတွင် ပါတီကိုယ်စားလှယ်လောင်း ၄၈၅ ဦး ရှိကာ အမျိုးသမီး ကိုယ်စားလှယ် ၈၄ ဦး ဝင်ပြိုင်ခဲ့ရာ ၁၅ ဦး အနိုင်ရခဲ့ကြသည်။ ယခုရွေးကောက်ပွဲတွင် ပါတီကိုယ်စား လှယ်လောင်း ၃၀၇၁ ဦး ရှိသည့်အနက်မှ ရာနှုန်းအားဖြင့် ၃.၇ ရာခိုင်နှုန်းသာရှိသော အမျိုးသမီးကိုယ်စား လှယ်လောင်း ၁၁၄ ဦးသာပါဝင်နေသည်။

ကချင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသား လူမျိုးစုလွှတ်တော် အားလုံးအတွက်စုစုပေါင်းကိုယ်စားလောင်း ၁၆၃ ဦးပါဝင်ယှဉ်ပြိုင်ကြရာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၆ ဦး (၃.၆ ရာခိုင်နှုန်း) ပါဝင်နေသည်။

ကချင်စုရပ်ကွက်မှ ရှမ်းတိုင်းရင်းသားလူမျိုးစုလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ပြုံးရီ (သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ)၊ ဆော့လော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်လွမ်းလာမ့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အင်ဘရန်ဒွဲဘူ (စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစ်ီပါတီ ကချင်ပြည်နယ်)၊ တနိုင်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရှဒေါင်ခေါန်တောင် (စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်)၊ ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လဗျောင်ဘောက်ဂျာ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) နှင့် ဆွမ်ပရာဘွမ်ခရိုင်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖောင်ရန်ဘောက်ဂျာ (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ) တို့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည်။

ယခုကဲ့သို့ အမျိုးသမီးများသည်အိမ်တွင်းအောင်းရသည့် အိမ်မှုကိစ္စထက်နိုင်ငံရေးတွင်ပိုပြီး လှုပ်ရှား ဦးဆောင်လာခြင်းသည် အမျိုးသမီးများသည် အမျိုးသားနှင့်ရင်ဘောင်တန်းရှေ့ထွက်လာနိုင်သည် ကိုသက်သေပြနေခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းရှေ့နေဒွဲဘူက ပြောသည်။


  • Popular

  • Latest