ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ဖမ်းဆီး ခံနေရ

ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ဖမ်းဆီး ခံနေရ

ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ မသင်္ကာမှုဖြင့် မြန်မာစစ်သားများ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီ ခွဲ မှာ Lashap ရွာမှ ဒေသခံ ၅ ဦးကို မြန်မာစစ်တပ် တပ်မ ၁၁ အဖွဲ့ က ရိုးရာတူမီး သေနတ် နှင့်အတူ မသင်္ကာမှုများကြောင့် ခေါ်ဆောင်သွားသည်ဟု ဖောင်းဆိုင်မှ ဆရာ ဇိန်ဟန်လ က ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“Lashap ရွာမှာရှိနေတဲ့ ရွာသား ၅ ဦးကို မနေ့က တစ်ချို့မှာ တူမီးသေနတ်၊ ဗုံးတွေ တွေ့လို့ မသင်္ကာလို့ ထင်တယ်။ ကျနော်တို့မှာ အားလုံးက တိုက်ပွဲကြောင့် ထွက်ပြေးပြီဆိုပေမယ့် အိမ်တွေမှာ တစ်ယောက်စီ တော့ အိမ်စောင့်နေကြတယ်။ အဲဒါနဲ့ သူတို့ကို မသင်္ကာလို့ ခေါ်သွားတာ ထင်တယ်”

အဆိုပါ ဖမ်းဆီးခံရသူ ၅ ဦးကို လက်ရှိ Lashap ရွာနှင့် အနည်းငယ်သာ ကွာဝေးသည့် ပလောင်ရွာတစ်ခုမှာ တပ်မတော် က ဖမ်းဆီး စစ်ဆေးနေပြီး သူတို့ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် ဆွေးနွေးနေသည်ဟု အထက်ပါ ဆရာက ပြောပါသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ဖောင်းဆိုင်ဒေသရှိ ရွာသား ၁၀ ဦးခန့်ကို တပ်မတော်က ဖမ်းဆီးခဲ့သော်လည်း ၇ ဦးမှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများအား အကြောင်းစုံ မေးမြန်းရန် ဆက်သွယ်ခဲ့လည်း မရရှိခဲ့ပါ။

မြန်မာ့စစ်တပ် နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ တို့၏ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားသော ဖောင်းဆိုင်ဒေသခံ အများစုမှာ လက်ရှိ နယ်စပ် နှင့် တရုတ်ပြည်ဘက်မှာ ခိုလှုံနေရဆဲ ဖြစ်ပါသည်။ တိုက်ပွဲ ငြိမ်သက်သွားသော်လည်း မပြန်ရဲသေးကြောင်း ဒေသခံ အချို့က KNG ကို ပြောပါသည်။