မြန်မာ စစ်တပ်မှ မန်လွန် ရွာသားများကို အတင်း မောင်းထုတ် နေ

Loi Kung village in northern Shan State

ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး မန်လွန် ရွာသားများကို မြန်မာစစ်တပ် က ၂ ရက်အတွင်း ၎င်းတို့ရွာမှ စွန့်ခွာရန် ခြိမ်းခြောက် မောင်းထုတ်နေသောကြောင့် ဒေသခံများ ဒုက္ခရောက်နေပါသည်။

ကွတ်ခိုင်မြို့မှ ၈ မိုင်အကွာခန့် ကောင်းလိမ် ကျေးရွာအုပ်စုရှိ မန်လွန်ရွာသားများကို ဒီဇင်ဘာ ၁၈ ရက်နေ့ အစိုးရ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ အောက် ကွတ်ခိုင် အခြေစိုက် တပ်ရင်း ၄၅ အဖွဲ့က ၂ ရက်အတွင်း ပြောင်းရွေ့ပေးရမည်ဟု ဆိုကြောင်း ဒေသခံ ဆရာ ဂွန်းမိုင်က ပြောပါသည်။

“စနေညကတော့ ရွာသားတွေကို ဘုရားကျောင်းမှာ စုထားပြီး တစ်ညလုံး ဒီအတိုင်းပဲ ကုန်သွားတယ်။ မနေ့က (တနင်္ဂနွေ) ကျတော့ ရွာသားတွေကို ဘောလုံးယန် ဘောလီဘော ကစားတဲ့နေရာမှာ ပြန်ခေါ်ထားပြီး မေးစရာရှိတာမေး ပြောစရာရှိတာပြော အဲလို ဖြစ်ကြတယ်။”

ယခု အစိုးရတပ်သည် စနေနေ့မှာ ညောင်ရွှေ နှင့် ၅ မိုင်ကွေ့ကြားမှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာသော တပ်ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

နေရပ်မပြောင်းဘဲ ကျန်ရှိနေသူများကို ‘ပေါ်တာ အဖြစ်’ ရှေ့တန်းနေရာ မုံးကို စသည်ဘက်ကို ခေါ်သွားမည်ဟု အစိုးရတပ်ဘက်က ခြိမ်းခြောက်ထားကြောင်း ဒေသခံ တစ်ဦးက ထပ်မံ ပြောလာပါသည်။

ရွာသားများသည် မိမိနေရပ်ကို သူတစ်ပါး လက်ထဲ စွန့်ပြီး မထားခဲ့ချင်ကြောင်း နှင့် မိမိတို့ လယ်ယာမြေများမှာ ပြန်လည် လုပ်ကိုင်စားသောက်လိုသောကြောင့် စိုးရိမ်မှုများ ရှိနေသည်ဟု ဆရာ ဂွန်းမိုင်က ပြောသည်။

မြန်မာစစ်တပ်၏ တိုင်းရင်းသားဒေသများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုကာ တပ်မတော်နှင့် တရားသောစစ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို ယမန်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြသည်။

  • Popular

  • Latest