KIA ၏ လိုင်ဖောင်စခန်း တပ်မတော် ထပ်မံ သိမ်းပိုက်

KIA ၏ လိုင်ဖောင်စခန်း တပ်မတော် ထပ်မံ သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ၏ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို မြန်မာ စစ်တပ်က ယနေ့ အပြင်းအထန် တိုက်ခိုက် သိမ်းယူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နံနက် ၇ နာရီခန့် တပ်မတော်က လက်နက်ကြီးများနှင့် စတင် ပစ်ခတ်ခဲ့ကာ ၈ နာရီ ခန့်မှ ၁၀ နာရီ အထိ ဂျက်တိုက်လေယာဉ် များနှင့် အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းဖော်ပြချက်အရ သိရသည်။

လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေပြီး မွန်းလွဲပိုင်းမှ မြေပြင်တပ်များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ညနေ ပိုင်းမှာ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို KIA က နောက်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံ ရှေ့တန်းသတင်းနှင့် ဒေသခံများ ပြောပြချက်အရ သိရသည်။

ယနေ့ ထပ်မံ သိမ်းပိုက်ခံရသော Lai Hpawng Bum သည် အစိုးရတပ်မတော်မှ ၄ လတိတိ တိုက်ခိုက်သိမ်းယူခဲ့သော KIA လှုပ်ရှားတပ်ရင်း ၂၅၂ Gidon (ဂီးဒွန်) စခန်း၏ အနီးတွင် တည်ရှိသည်။

Gidon စခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ သိမ်းယူအပြီး ၁၁ ရက်အကြာ ယနေ့ Lai Hpawng Bum ကို ထပ်မံ သိမ်းပိုက်ခဲ့ပါသည်။