တနိုင်ငံလုံး ရှိ MBC အသင်းတော်များ စစ်ပြေး ဒုက္ခသည်များကို ကူညီ မည်

တနိုင်ငံလုံး ရှိ MBC အသင်းတော်များ စစ်ပြေး ဒုက္ခသည်များကို ကူညီ မည်

MBC မြန်မာပြည် တနိုင်ငံလုံးရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ ၏ လာမည့် တနင်္ဂနွေ ဝတ်ပြု ကိုးကွယ်ခြင်း အစီစဉ်၊ ပွဲတော် မင်္ဂလာ အလှူငွေ နှင့် ထမင်း တနပ်စာ တန်ဖိုးကို အထက်မြန်မာပြည် စစ်ပြေးဒုက္ခသည်များ အား ကူညီ သွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ စစ်ပြေးအလှူငွေ ကောက်ခံခြင်းအပြင် ကချင်နှင့် ရှမ်းမြောက်ဒေသ တိုက်ပွဲ နှင့် ငြိမ်းချမ်းရေး အတွက်ပါ အထူး အစာရှောင်ဆုတောင်းရန် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် MBC ၏ ဇန်နဝါရီ ၂၆ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ နှစ်ခြင်း အသင်းတော် ၅၀၀၀ ကျော်၏ လာမည့် တနင်္ဂနွေနေ့ စစ်ပြေး ဒုက္ခသည် အလှူငွေ ကောက်ခံရန် အစီစဉ်ကို ဇန်နဝါရီ ၁၁ - ၁၅ အထိ ကယားပြည်နယ် လွိုင်ကော်မှာ ပြုလုပ်ခဲ့သော MBC ညီလာခံ က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်တွင် စစ်ပြေးဒုက္ခသည် ၁ သိန်း ကျော်ရှိနေပြီး တစ်ဝက်ကျော်မှာ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် ရှိနေပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အာဏာရလာချိန်မှ စပြီး ကုလသမဂ္ဂ ၏ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ အကူအညီများ KIO နယ်မြေ ဒုက္ခသည်များထံ တင်ပို့ခွင့်ကို မြန်မာစစ်တပ်မှ ဟန့်တားထားပါသည်။

လာမည့် ဖေဖော်ဝါရီ ၅ ရက်နေ့သည် ‘၅၆ နှစ်ပြည့် ကချင် တော်လှန်ရေး နေ့’ လည်း ဖြစ်ပါသည်။

  • Popular

  • Latest