မိမိ သတိပေး စာ ကြောင့် ထွက်ပြေး လာသူများကို မြန်မာစစ်တပ် တားဆီး

Burmese-military-checks-refugees-in-KIA-controlled-areas-in-Danai

မြန်မာစစ်တပ်၏ လေယာဉ်ပေါ်က ကြဲချသည့် သတိပေးစာကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် တနိုင်း ပယင်းမှော်၊ ရွှေမှော်များမှ ထွက်ပြေးလာသော ပြည်သူ ရာပေါင်းများစွာ တနိုင်းမြို့သို့ ရှောင်တိမ်းလာခြင်းကို တပ်မတော် ကိုယ်တိုင် ပြန်လည် တားဆီးနေ ပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ နမ့်ဘရူ (Nambyu)၊ နမ်ခမ်း (Namhkam) ကျေးရွာ နှစ်ရွာနှင့် ရွှေမှော်ဓ ပယင်းမှော် အသီးသီးမှာ အလုပ်လုပ်ကိုင် စားသောက်နေသည့် ပြည်သူများ တနိုင်းမြို့သို့ ထွက်ပြေး တိမ်းရှောင်လာမည့် လမ်းကြောင်း အားလုံးကို တနိုင်း မြန်မာစစ်တပ် ဒကစ နှင့် အစိုးရ အာဏာပိုင်များ တားဆီးနေခြင်း ဖြစ်သည်။

လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသော စစ်ရှောင်များကို ကူညီနေသူ ဆရာ တစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

"သူတို့ ဇွန်လ ၅ ရက်နေ့ လောယာဉ်က ဖြန့်ကြဲတဲ့ သတိပေးစာမှာက ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အားလုံးထွက်သွားဖို့ ပြောတာပဲ။ ပြည်သူတွေက ကြောက်လို့ ထွက်လာတော့လည်း စက်လှေ လမ်းကြောင်းကို မဖွင့်ပေးဘူး။ ဒါနဲ့ ကျနော်တို့ အဲဒီ ၅ ရက်နေ့မှာဘဲ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကို သွားပြောတဲ့အချိန် ၆ ရက်နေ့ ကနေ ၉ ရက်နေ့အထိ လေးရက်ကြာ စစ်ရှောင်တွေကို သွားခေါ်ယူခွင့်ပြုမယ်လို့ ပြောခဲ့တယ်။ မနေ့က တစ်ရက် စက်လှေ ၁၂ စီး နဲ့ ခေါ်ယူနိုင်သေးတယ်။ ဒီနေ့တော့ ပြန်ပိတ်လိုက်ပြီ။"

ယမန်နေ့တစ်ရက်တည်း တနိုင်းမြို့သို့ ခေါ်ထုတ်နိုင်သူများ စုစုပေါင်း ၄၀၅ ဦးရှိပြီး ၄င်းတို့ကို ယခုချိန် တနိုင်း ခရစ်ယာန် နှစ်ခြင်းအသင်းတော်များ၊ ကတ်သလစ်အသင်းတော်များ၊ အေဂျီအသင်းတော်များ နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းများမှာ နေရာချထားကြောင်း သိရသည်။

တနိုင်းမြို့ကို သွားသည့် ပေါက်ဝ ကတိုးဆိပ်ရှိ စစ်ရှောင် ၇၀၀ ကျော် နှင့် ဂျာငိုင်ယန်ရှိ ၃၀၀ ကျော်ကို ယနေ့ ခေါ်ထုတ်ဖို့ စီစဉ်ထားသော်လည်း မဖြစ်နိုင်ခဲ့ပေ။

Burma armys warning to amber and gold miners in Hukaung Valley

ယနေ့ မွန်းလွဲပိုင်း အစိုးရ တာဝန်ရှိသူများ၊ ရဲ များ နှင့် စစ်တပ်မှ လူများ ပါပြီး တနိုင်း အသင်းတော် လူကြီးများနှင့် တွေ့ဆုံစဉ် အသင်းတော်များတွင် စစ်ရှောင်များကို လက်ခံခြင်း မပြုရန် ပြောပြီး ဇွန် ၅ ရက် သတိပေးစာ ကို တပ်မတော်မှ ထုတ်ပြန်ခြင်း မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုခဲ့သည်ဟု အထက်ပါ အမည်မဖော်လိုသူ ဆရာ က ဆိုသည်။ 

"ကျနော်တို့ အသင်းတော်တွေ ကိုယ်တိုင်ကပဲ စစ်ရှောင်စခန်း ဖွင့်ချင်တဲ့ အစီစဉ်ရှိလို့ စစ်ရှောင်တွေကို သွားရောက် ခေါ်ယူနေတာလို့ ကျနော်တို့ကို အပြစ်တင်လာတယ်။ ကျနော်တို့ကို အမျိုးမျိုး အပြစ်ရှာပြီး ဒီမှာ လူမစုဖို့၊ ဘုရားကျောင်းဝင်းမှာ စစ်ရှောင်တွေကို မထားဖို့ လာပြောသွားတာ" 

တနိုင်းက စက်လှေများကို ပေါက်ဝ နှင့် ဂျာငိုင်ယန် ဘက်သို့ မသွားရန် တနိုင်း စစ်တပ် နှင့် အစိုးရ အာဏာပိုင်များ တားမြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ နေရာ ၂ ခုမှ တနိုင်းသို့ ကူးရန် စောင့်ဆိုင်းနေသည့် စစ်ပြေးပြည်သူများ ၎င်း စက်လှေ ကတိုးဆိပ်တွင် နေစရာ ယာယီတဲများ မရှိဘဲ ဒုက္ခရောက် နေကြပါသည်။ 

နမ်ဘရူ (Nambyu)၊ နမ်ခမ်း (Namhkam) နှင့် ပယင်းမှော်များတွင် တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသဖြင့် အဆိုပါဒေသမှ ပြည်သူများ တနိုင်းမြို့ပေါ် အသင်းတော်များကို အကူညီတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုအကြောင်းအရာကို တနိုင်း အစိုးရအာဏာပိုင်များနှင့် တာဝန်ရှိသူများကို ပြောပြပြီး ခွင့်ပြုချက်ဖြင့် ယမန်နေ့ တစ်ရက်သာ စစ်ရှောင်များကို ခေါ်ထုတ်နိုင်ခဲ့သည်။ 

သို့သော်လည်း တနိုင်းမြို့ ခရစ်ယာန် အသင်းတော် ဘုရားကျောင်းများတွင် စစ်ပြေးဒုက္ခသည်များ စုပုံနေခြင်းကို ‘မလိုလား၊ မမြင်ချင်ကြောင်း’ ယနေ့ တပ်မတော် နှင့် အစိုးရအာဏာပိုင်များ ပြောကြားခဲ့သည်ဟု အသင်းတော်များက ပြောပါသည်။


 

  • Popular

  • Latest