ကချင် ရွာသား ၂ ဦး ကို တပ်မတော် က မိုင်း ခွဲ သတ်ဖြတ်

ကချင် ရွာသား ၂ ဦး ကို တပ်မတော် က မိုင်း ခွဲ သတ်ဖြတ်

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွ ကျေးရွာရှိ ကချင်ပြည်သူ ၂ ဦးကို အစိုးရ တပ်မတော်မှ ဖမ်းဆီး ချည်နှောင်ပြီး မိုင်းဖြင့် ပေါက်ခွဲ သတ်ဖြတ်မှု သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

သတ်ဖြတ် ခံရသူ ၂ ဦးမှာ လမ်းခွ (Lambraw Yang) ကျေးရွာ မီးသတ်အဖွဲ့မှ ဗိုလ်အဆင့် ရရှိထားသူ အသက် ၃၄ နှစ် ဦး ဖောင်ကပ် နော်လက် (Slg. Hpaukap Naw Lep) နှင့် အသက် ၄၀ နှစ် ဦး လဘန် နော်ဘောက် (Slg. Labang Naw Bawk) တို့ ဖြစ်သည်။

သြဂုတ် ၈ ရက်နေ့ ဦးနော်လက် သည် ရွာအနီး လွယ်လီချောင်း သို့ ငါးဖမ်း ရန် သွားစဉ် မြစ်ဘေး တစ်နေရာ တွင် ထောင်ထားသော မိုင်းကို တွေ့ပြီး ငါးမိုင်း အဖြစ် အသုံးပြုရန် အိမ်ကို ယူလာစဉ် လမ်း ခုလတ် ဆီးဒင် (Siden) မြန်မာ စစ်တပ်ဂိတ်က ရှာဖွေတွေ့ရှိကာ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“သူတို့ ၂ယောက် က တနင်္လာနေ့ ဒွမ်ဘုန်း (Dumbung) ဘက်မှာ ငါး ဖမ်းဖို့ သွားတာ။ သူတို့ ၂ယောက်အပြန် သူများထောင်ထားတဲ့ ဗုံးကို တွေ့တယ်တဲ့။ အဲမှာ ၁ ယောက်က အဲဒီ မိုင်း ကို ယူလာတာ ဆီးဒင် (Siden) မြန်မာစစ်တပ် ဂိတ်ကို ရောက်တော့ စစ်ဆေးရာမှာ ဗုံးတွေ့ပြီး KIA အဖွဲ့ ဖြစ်တယ် ဆိုပြီး တစ်ခါတည်း ရိုက်နက်တာ။ သူတို့ မိသားစုဝင် တွေက တစ်ညလုံး မအိပ်ဘဲ ရှိနေတာ။ ဒါနဲ့ တနင်္လာ ညဦးယံ လောက် မိုင်း ပေါက်ကွဲသံ ကြား တယ်။ သူတို့ ၂ ယောက်ကို ချည်ထားပြီး စစ်တပ်က သူတို့ မိုင်းနဲ့ ဖေါက်ခွဲ လိုက်တဲ့ သဘောရှိတယ်။”

အသတ်ခံရ သူ ၂ ဦး ကောက်ယူလာသော ဗုံးမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၁ ထောင်ထားသော မိုင်း ဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

သူတို့ ၂ ဦးကို ဆီးဒင် (Siden) အစိုးရတပ်စခန်း အနီး ရင်ကွဲတောင် (Sari Bum) နဘေးမှာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အလောင်းကို မိသားစုဝင်များထံ မပေးဘဲ တပ်မတော် ခမရ ၃၈၁ တပ်ဖွဲ့ က ချက်ချင်း မြုပ်နှံလိုက်သည်။ သို့သော်လည်း သေဆုံးသူ ၂ ဦး ၏ အလောင်း ဓါတ်ပုံများ လူမှု ကွန်ယှက် စာမျက်နာတွင် ပျံနှံခဲ့သည်။

သူတို့ ၂ ဦးကို တပ်မတော်က ဆီးဒင် ရွာအပြင်ဘက် တစ်နေရာတွင် မြုပ်နှံထားသည်။ ထိုနေရာတွင် ယနေ့ သြဂုတ် ၁၀ ရက်နေ့ သေဆုံးသူ ၂ဦး မိသားစုဝင်များ ကျေးရွာသားများ သွားရောက် ဆုတောင်း ခဲ့ကြောင်း သိရသည်။

မီးသတ်ဗိုလ် ဦး နော်လက် တွင် ဇနီးသည် နှင့် သမီး ၂ ယောက် ကျန်ခဲ့ပြီး ဦး နော်ဘောက်တွင် ဇနီးနှင့် သားသမီး ၃ ဦး ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်မှ ဒေသခံ ပြည်သူများကို မတရား ဖမ်းဆီး သတ်ဖြတ်မှုများ ပုံမှန်ရှိနေသည်။ ဇွန်လ ၂၀ ရက်နေ့ လဝါးကျေးရွာ (Lawa Mare) လူမြင်ကွင်းမှာ ရိုက်နက် ဖမ်းဆီးသွားသော ဦး အင်လမ်းနော်ဂျာ (Slg. Nlam Naw Ja) ယခု ပျောက်ဆုံး နေဆဲ ဖြစ်သည်။

  • Popular

  • Latest