ကချင် မြေယာ၊ သယံဇာတ သီချင်း Jan Pan Vol-2 ထွက်

ကချင် မြေယာ၊ သယံဇာတ သီချင်း Jan Pan Vol-2 ထွက်

သဘာဝ ပတ်ဝန်းကျင် ပညာပေး နှင့် အမျိုးသားရေး စိတ်ဓါတ် မြှင့်တင်ပေးသော တေးသီချင်းများကို ကိုယ်တိုင် ရေးစပ် သီဆိုခြင်း အားဖြင့် နာမည် ကျော်ကြားလာသည့် BLAST ခေါ် ကချင် လူငယ် အနုပညာ အဖွဲ့ ၏ ဒုတိယ အခွေ ‘Jan Pan Vol-2’ ထွက် လာပြီ ဖြစ်သည်။


DVD အခွေ သစ်များကို မရောင်းချ မဖြန့်ချီမီ ပထမဆုံး ဆုတောင်းပွဲ ကို သတင်း မီဒီယာ အဖွဲ့များကိုပါ ဖိတ်ခေါ်ပြီး မြစ်ကြီးနားမြို့ Hotel Myitkyina မှာ ယနေ့၊ နိုဝင်ဘာ ၁၄ နံနက်ပိုင်း ပြုလုပ်ခဲ့ပါသည်။

သီချင်းပါ အကြောင်းအရာ များနှင့် ပတ်သက်ပြီး BLAST မှ တေးသံရှင် ဆရာ အောင်လွမ် က “ကျနော်တို့ ကချင်လူမျိုးတွေ ဆုံးရှုံးသွားတဲ့ နိုင်ငံရေး အခွင့်အရေး ပြန်ရချင်တယ်။ ကျနော်တို့ ဒေသထွက် သယံဇာတများကို ကျနော်တို့ ကိုယ်တိုင် စီမံ ခန့်ခွဲ ချင်ပါတယ်။ ပြီးတော့ ကျနော်တို့ ပြည်နယ် ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် ရလိုပါတယ်” ဟု ပြောသည်။

စုစုပေါင်း သီချင်း ၁၂ ပုဒ် ပါဝင်ပြီး လက်ရှိ ကချင်ဒေသ စစ်ပွဲများ အတွင်း မြန်မာစစ်တပ်မှ စစ်ရာဇဝတ် ချိုးဖောက်နေမှုများ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်သည့် အနေဖြင့် ဟူးကောင်းဒေသ အစိုးရ နှင့် ယုဇန ကုမ္ပဏီ မြေယာသိမ်းမှု ပြဿနာများ အပါအ၀င် ဖားကန့် ကျောက်စိမ်းမှော် တို့ အကြောင်းကို ရေးစပ် သီဆိုထားပါသည်။

Blast-Jan-Pan-vol-2-launch.jpg
ထို အထဲတွင် ဧရာဝတီ မြစ်ကို ကာကွယ်သည့် သီချင်းတပုဒ် ပါဝင်ပြီး ‘ဗမာ’ လို သီဆိုထားသည် ကို တွေ့ရသည်။

BLAST အဖွဲ့တွင် တေးသံရှင် အောင်လွမ်၊ လီးလီ၊ ဆိုင်းနီ တို့ ပါဝင်သည်။ ၂၀၀၇ တွင် Jan Pan Vol-1 ပထမ သီချင်းခွေ ထွက်ရှိခဲ့ပြီး ‘Mali Hka’ (ဧရာဝတီ မြစ်ဆုံ ရေကာတာ ကို ငါ မမြင်ချင်ဘူး) ဆိုသည့် သီချင်းမှာ ကျော်ကြား ခဲ့သည်။

ယခု ဒုတိယမြောက် ခွေ ဖြစ်မြောက်ရေး အတွက် ကချင်လူမှု ဖွံ့ဖြိုးရေး အဖွဲ့ KDNG မှ အဓိက တာဝန်ယူ ထောက်ပံ့ပေးထားကြောင်း သိရသည်။

အဆိုပါ သီချင်းခွေများကို Mali Ingra Volunteer Group မှ ရောင်းချ ဖြန့်ဝေ သွားမည် ဖြစ်သည်။

  • Popular

  • Latest