ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ကချင်ပြည်နယ်တွင် စတင် ထိုးနှံ ပေး

ယနေ့ မြစ်ကြီးနား အမှတ် (၁) အထက်တန်းကျောင်း ကလေးများကို ဂျပန် ဦးနှောက်ရောက် ကာကွယ်ဆေး (Japanese Encephalitis vaccine) ထိုးပေးနေပုံ။

တစ်နိုင်ငံလုံး အတိုင်းအတာ ဂျပန် ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း အစီစဉ် အဖြစ် မြစ်ကြီးနားမြို့ စာသင်ကျောင်းများတွင် ယနေ့ စတင် ထိုးပေးနေပြီ ဖြစ်သည်။


မြန်မာ တနိုင်ငံလုံး စုစုပေါင်း ရည်မှန်း ကလေး ဦးရေ ၁၄ သန်း အနက် ကချင်ပြည်နယ်ရှိ ရည်မှန်း ကလေး ဦးရေ ၅ သိန်း ခန့်ကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ သတ်မှတ် ရက်များ အတွင်း အပြီး ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း ယနေ့ မနက် မြစ်ကြီးနား မြို့တော် ခန်းမတွင် ကျင်းပသည့် ကာကွယ်ဆေး ထိုးခြင်း အဖွင့်ပွဲတွင် ပြည်နယ် ဒု-ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ တင်ဝမ်း က တင်ပြသွားသည်။

ကချင်ပြည်နယ်ရှိ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို နိုဝင်ဘာလ ၁၅ မှ ၂၃ ရက်နေ့ အထိ ဆေးထိုးရန် သတ်မှတ်ထားပြီး၊ အသက် ၉ လ အရွယ်မှ ၅ ကြား ကလေးများကိုတော့ ဒီဇင်ဘာ ၁၁ မှ ၂၀ ရက်များ အတွင်း အပြီး ထိုးနှံ သွားမှာ ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် ကာကွယ်ဆေး ထိုးနှံခြင်း အစီစဉ်ကို စာသင်ကျောင်းများ အပြင်၊ အစိုးရနှင့် ရပ်ရွာ အခြေပြု လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ ပူပေါင်းပြီး ပြည်နယ်အနှံ့ ဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့ပါသည်။

ဂျပန် ဦးနှောက်ရောင် ရောဂါ (Japanese Encephalitis virus) သည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်သော်လည်း အသက် ၁၅ နှစ်အောက် ကလေးများမှာ ပိုမို ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ရောဂါပိုးသည် ဝက်နှင့် အိမ်မွေး တိရစ္ဆာန်များမှာ ဝင်ရောက်နေနိုင်ပြီး ၎င်း တိရစ္ဆာန်များကို ကိုက်ထားသော ခြင် သည် လူတစ်ယောက်ကို ကိုက်လျှင် ရောဂါ ကူးစက်နိုင်ကြောင်း သိရသည်။ သို့သော်လည်း လူ တစ်ဦးမှ တစ်ဦး မကူးစက် နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရောဂါပိုးကြောင့် သေဆုံးမှုများ ရှိနေသလို၊ အသက်ရှင် ကျန်ရစ်နေသူများမှာလည်း ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်သည့် ဒဏ်များ ခံစားနိုင်ကြောင်း သိရသည်။

 

  • Popular

  • Latest