ပိတ်မိနေသည့် စစ်ပြေး ပြည်သူများ လွတ်မြောက်ရေး ကချင် လူထု ဆန္ဒပြ

လမ်းလျှောက် ဆန္ဒပြပွဲ အတွက် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် စုဝေးနေကြတဲ့ ကချင်လူထု

ဟူးကောာင်း ချိုင့်ဝှမ်းဒေသ ပယင်းမှော်နှင့် ဆွမ်ပရာဘွမ်မြို့ နယ် အတွင်း တိုက်ပွဲကြောင့် ပိတ်မိနေသော ပြည်သူများကို ကူညီ ကယ်ဆယ်နိုင်ရန် ယနေ့ ကချင်တော်လှန်ရေးနေ့ မှာ မြစ်ကြီးနားမြို့ တွင် ကချင် လူထု ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဖေဖါဝါရီလ ၅ ရက်၊ ယနေ့ ကျရောက်သော (၅၇) နှစ်ပြည့် ကချင်တော်လှန်ရေးန့ တွင် ဟူးကောင်း ဒေသ နှင့် ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲများကြား ပိတ်မိနေသည့် ပြည်သူများကို အမြန်ဆုံးလွတ်ပေးရန်နှင့် သွားရောက်ကူညီနိုင်ရန် အတွက် အာဏာရ အစိုးရ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တို့ကို စာရေး အကြောင်းကြား ထားသော်လည်း တစ်စုံတစ်ရာမှ အကြာင်းပြန်ခြင်း မရှိသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု အစီစဉ် ဦးဆောင်သူ တစ်ဦး ဦး Zau Jat က ပြောသည်။

“အစိုးရတပ်မတော် ထိုးစစ်ကြောင့် ပိတ်မိနေပြည်သူများကို ကယ်ဆယ်နိုင်ရန်အတွက် ကျွန်တော်တို့  အစိုးရ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ ကို အကြိမ်ကြိမ်တွေ့ ဆုံနိုင်ရန် တောင်းဆိုခဲ့ပေမယ့် သူတို့ ဘက်ကတွေ့ ဆုံမှု မပြုလုပ်ဘူး။ စာလည်း ထည့်ထား ပေမယ့်လည်း မပြန်ဘူး။ ကျွန်တော်တို့ သွေးချင်းများကို ကူညီကယ်ဆယ်နိုင်ရန် ဆွေးနွေးတိုင်ပင်တယ် မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူမှာရှိတဲ့အားနှင့် ဆန္ဒပြရခြင်း ဖြစ်တယ်။”

ဇန်နဝါရီ ၂၆ တနိုင်းမြို့ အရှေ့တောင်ဘက် ပယင်းမှော် ကို တပ်မတော် လေကြောင်းဖြင့် ဗုံးကြဲချခြင်းကြောင့် အပြစ်မဲ့ပြည်သူ (၃)ဦး သေဆုံးပြီး (၅)ဦး ပြင်းထန်စွာ ဒဏ်ရာရှိကာ လူထု ၂၀၀၀ ကျော် ဆက်လက် ပိတ်မိနေပါသည်။ ဆွမ်ပရာဘွမ်မြို့နယ် ဒေသတစ်ဝိုက် တိုက်ပွဲများကြောင့် လည်း ဒေသခံပြည်သူ ၇၅၄ ဦး တောထဲသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ယနေ့ ဆန္ဒပြပွဲ ဦးဆောင်သော စစ်ဘေးသင့် ပြည်သူများအား အရေးပေါ် ကယ်ဆယ်ကူညီရေး ကော်မတီ ထုတ်ပြန်သော ကြေညာချက်ထဲ တွင် ဖေါ်ပြထားပါသည်။

ဆန္ဒပြ ပြည်သူများ၏ ကြွေးကြော်သံများမှာ ‘တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ ဘေးကင်းစွာနေရပ်ပြန်နိုင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှု ပိတ်ပင်ခြင်းအား ချက်ခြင်းရပ်၊ တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများအား စားနပ်ရိက္ခာ အမြန်ဆုံး ထောက်ပံ့ ပေးရေး၊ အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်မှု အလိုမရှိ၊ လူသားဒိုင်း ပြုလုပ်ခြင်း ချက်ချင်းရပ်၊ လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲခြင်းချက်ခြင်းရပ်’ စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သည်။

ယနေ့ အစီစဉ်တွင် မြစ်ကြီးနား နှင့် ဝိုင်းမော် မြို့တို့မှ ဒေသခံပြည်သူ ၄၀၀၀ ခန့် တက်ရောက် ဆန္ဒပြခဲ့ကြသည်။

အစိုးရ စစ်တပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများမှာ ကချင်ပြည်နယ်အနှံ နေ့စဉ် ဖြစ်ပွားနေပါသည်။

  • Popular

  • Latest