KIA တပ်မဟာ (၂) ခု တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေငြာ

ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO ဥက္ကဌ

ကချင် လွတ်လပ်ရေး တပ်မတော် KIA စစ်ရုံးချုပ် (Dai Lawn Rung) အောက် တပ်မဟာ (၂)ခု ကို တရားဝင် တိုးချဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း KIA က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ (၇) ရက်နေ့ နေ့စွဲဖြင့် ကချင် လွတ်လပ်ရေး ကောင်စီ (KIC) ၏ ထုတ်ပြန်ချက် အမိန့် အရ ဖားကန့်မြို့နယ်တွင် KIA တပ်မဟာ (၉) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ (၁၀) ကို ဇန်နဝါရီ ၂၆ ရက်နေ့ က တိုးချဲ့စည်းခဲ့ခြင်း ဖြစ်သည်။

KIA တပ်မဟာ (၉) တွင် ပါဝင်သည့် တပ်ရင်း (၂) ရင်းမှာ ဖားကန့် အခြေစိုက် တပ်ရင်း (၆) နှင့် အင်းတော်ကြီးအိုင် ဒေသ အခြေစိုက် တပ်ရင်း (၂၆) တို့ ဖြစ်ပြီး KIA တပ်မဟာ (၁၀) တွင် ပါဝင်သည့် တပ်ရင်း (၂) ရင်းမှာ Mungji (မုန်းစီး) ဒေသရှိ တပ်ရင်း (၂) နှင့် တပ်ရင်း (၁၇) တို့ဖြစ်ပါသည်။

ယခု အသစ် တိုးချဲ့ ဖွဲ့စည်းသော တပ်မဟာ အပါအဝင် KIA စစ်ရုံးချုပ် (Dai Lawn Rung) အောက်တွင် တပ်မဟာ စုစုပေါင်း (၁၀) ခု ရှိပြီဖြစ်သည်။ ထိုအထဲ တပ်မဟာ (၇) ခု (၁ ၊ ၂၊ ၃၊ ၅၊ ၇ ၊၈ ၊၉) သည် ကချင်ပြည်နယ်မှာ ရှိပြီး ကျန် တပ်မဟာ (၃) ခု (၄၊ ၆၊ ၁၀) တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် ပါသည်။

အစိုးရ နှင့် နိုင်ငံရေးဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ သော်လည်း ရလဒ်ကောင်း မရ ဆွေးနွေးမှု ရပ်တန့်ပြီး KIA ကို အစိုးရတပ်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာချိန် KIA တပ်မဟာ (၂) ခု ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထပ်တိုး ဖွဲ့စည်းလာခြင်း ဖြစ်သည်။

  • Popular

  • Latest