ပထမဆုံး နေရပ်ပြန် Nam San Yang စစ်ရှောင်မိသားစုများကို အစိုးရ လိုက်ပို့မည်

ဝိုင်းမော်မြို့နယ် Nam San Yang ကျေးရွာ RC ရိုမန်ကတ်သလစ် ဘုရားကျောင်းဝင်းကို ရှင်းလင်းပြုလုပ်နေပုံ

အစိုးရ၏ ပြန်လည် နေရာချထားရေး အစီစဉ်ဖြင့် ပထမဆုံး နေရပ်ပြန်မည့် ဝိုင်းမော်မြို့နယ် Nam San Yang (နမ့်ဆန်ယန်) စစ်ရှောင် မိသားစု ၁၇ စုကို ကချင်ပြည်နယ် အစိုးရ ဌာနဆိုင်ရာများဖြင့် ဇန်နဝါရီ ၃၀ ရက်နေ့ သွားရောက်ပို့ဆောင်ပြီး ကျေးရွာ ပြန်လည် ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။

Nam San Yang ကျေးရွာဒေသခံများ နေရပ်ပြန်နိုင်ရေး ပထမခြေလှမ်းဖြစ်သော အိမ်ထောင်စု ၁၇စုကို လွန်ခဲ့သည့် နိုဝင်ဘာလတွင် အစိုးရထံ စာတင်ခဲ့ပြီးနောက် လာမည့် ဗုဒ္ဓဟူးနေ့တွင် တရားဝင် ကျေးရွာဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယခုကိစ္စတွင် ပါဝင်ကူညီပေးနေသူ ကချင်အနုပညာရှင်ကြီး Slg. Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ကိုယ်တိုင် ဇန်နဝါရီ ၁၉ ရက်နေ့ အဆိုပါ Nam San Yang ကျေးရွာသို့ သွားရောက်ပြီး အိမ်ထောင်စု ၁၇ စု ကောင်းမွန်စွာ အခြေချနိုင်ရေး သွားရောက် ကြည့်ရှု့ခဲ့သည်။

တိုက်ပွဲကြောင့် ရွာသားများ စွန့်ပစ်ထားသော ကျေးရွာအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း လွန်ခဲ့သည့် ဒီဇင်ဘာမှ စတင်ကာ ရှင်းလင်းခဲ့သည်ဟု သိရပါသည်။

Returning-homes-of-Nam-San-Yang-idps-2019.jpg
Nam San Yang စစ်ရှောင်တွေ အိမ်ပြန်လာရေး ကချင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ကူညီပေးနေပုံ

မြစ်ကြီးနာ-ဗန်းမော်လမ်းမပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာမြို့ ၀င်ပေါက်၌ရှိသော အိမ်ခြေ ၂၀၀၀ ခန့်ရှိ Nam San Yang ကျေးရွာကို ၂၀၁၁ ဇွန်လ ၉ ရက်နေ့ အစိုးရတပ် နှင့် KIO တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ရွာထဲတိုက်ပွဲကြောင့် စွန့်ပစ်ထားရခြင်းဖြစ်သည်။

ယခု Nam San Yang စစ်ရှောင် မိသားစု ၁၇စု မှ လူ ၅၇ဦး ကိုသာ ပထမအကြိမ် ပြန်ခိုင်းမည်ဖြစ်သဖြင့် အများစု ကျန်ရှိနေသေးသော စစ်ရှောင်များကိုလည်း စာရင်း အတိကျကောက်ယူပြီး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုသိရသည်။

ယခုအိမ်ထောင်စု ၁၇ ခုတွင် ၀ိုင်းမော်မြို့ Mai Na (မိုင်းနား) စိန်ဂျိုးဇက်ကတ်သလစ်စစ်ရှောင်စခန်း၊ မြစ်ကြီးနား Zi Un (ဇီးလွန်)၊ Jan Mai Kawng (ဂျန်မိုင်ကောင်) ကတ်သလစ် စခန်း၊ N’Jang Dung (အင်ဂျန်ဒုံ)၊ Ngwi Pyaw (ငွေပျော်စံပြ) စသည့် စခန်းများမှ စစ်ရှောင်များ ပါဝင်နေသည်ကို တွေ့ရပါသည်။

  • Popular

  • Latest