မြစ်ဆုံ လူထုကန့်ကွက် ဆန္ဒပြပွဲကြီး မြစ်ကြီးနားတွင် ကြာသာပတေးနေ့ ပြုလုပ်မည်

ဖေဖေါ်ဝါရီ ၂၊ ၂၀၁၉ ရက်နေ့ ရိုက်ယူထားတဲ့ မြစ်ဆုံကြိုးတံတား ဓါတ်ပုံ၊ အဆိုပါတံတားဟာ Lahpye ရွာ (ဘယ်) နဲ့ Dawng Pan ရွာ (ညာ) ကို ဆက်သွယ်ပေးတယ်။

တရုတ်၏ ကြိုးစားမှု နှင့် မြန်မာအစိုးရ၏ နှုတ်ဆိတ်နေမှု ရင်ဆိုင်နေရသော ကချင်လို Mali-N’mai Zup ခေါ် မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲကြီး မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၇ ရက်၊ ကြာသာပတေး နေ့ ပြုလုပ်ရန် ပြင်ဆင်နေပါသည်။

အဆိုပါ ဆန္ဒပြပွဲသည် ယခင်ပြုလုပ်ခဲ့သည်နည်းတူ မဟုတ်ဘဲ တစ်ပြည်နယ်လုံးအတိုင်းအသာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နိုင်အောင် ဆွေးနွေးနေသည်ဟု ဒေသအခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယှက် KDNG မှ ဦး Tsaji (စာဂျီ) ပြောပါသည်။

“သမိုင်းပေးတာဝန်အရ ကချင်ပြည်နယ်အတိုင်းအတာနဲ့ ပြည်သူလူထုအားလုံး လူမျိုးမရွေးဘာသာမရွေးပါဝင်ပြီးမှ မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီး ဧရာဝတီကို ကာကွယ်ဖို့၊ အားလုံး ဝိုင်းဝန်းပြီးမှ တရုတ်အစိုးရထုတ်ပြန်ကြေငြာချက်က မဟုတ်ကြောင်း ကမ္ဘာရော ပြည်သူလူထုရော သက်ဆိုင်ရာအစိုးရရော နိုင်ငံတကာရော ဖော်ထုတ်နိုင်ဖို့၊ ပြည်သူတွေ အသက်အိုးအိမ်စတေးခံရတာ လုံးဝ မလိုလားဘူး။ ဒါကြောင့် မြစ်ဆုံရေကာတာ စီမံကိန်းက အပြီးအပိုင် ဖျက်သိမ်းဖို့ရန် ကျနော်တို့ ဆန္ဒဖော်ထုတ်သွားမှာပါ။” ဟုပြောသည်။

လူအင်အား ၁၀၀၀၀ ဝန်းကျင်ခန့်ဖြင့် မြစ်ကြီးနား မနောကွင်း ဆန္ဒဖော်ထုတ်သွားမည်ဟု ပြောဆိုပါသည်။

ထို့အပြင် ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသော ဧရာဝတီအရှေ့ဘက်ကမ်း Mali Yang (မလိယန်) အစိုးရ ရွှေ့ပြောင်းကျေးရွာတွင် ခိုလှုံနေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဓမ္မဆရာ Mung Ra (မုန်ရာ) က ယခုလိုပြောပါသည်။

“ကျနော်တို့ မြစ်ဆုံဒေသခံတွေဟာ ပြောင်းရွှေ့ကတည်းက အဆင်မပြေဘူး။ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ မြစ်ဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်း ကျနော်တို့ ကန့်ကွက်နေပါတယ်။ အဲဒီလို ကန့်ကွက်နေတဲ့အချိန်မှာ တရုတ် CPI (China Power Investment), SPIC (State Power Investment Corporation) တွေကဒေသခံတွေ သဘောတူတယ်ဆိုပြီး သတင်ထုတ်တယ်။ တကယ်တော့ ကျနော်တို့ လုံးဝ သဘောမတူဘူး။ သူတို့ထောက်ပံ့တာယူတယ်ဆိုရင်တော့ စီမံကိန်းသဘောတူလို့ ယူတာမဟုတ်ဘူး။ ကျနော်တို့ လယ်မြေတွေ၊ အသီးခြံတွေ၊ နှစ်ရှည်ပင်တွေအားလုံး သူတို့ ဖျက်သိမ်းခံပြီ။ အဲတော့ ကျွေးဖို့အစစအရာရာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တွေကို တရုတ်က တာဝန်ယူရမှာဖြစ်တယ်။ ဒါတောင် နည်းနည်းပါးပါးပေးပြီး ကြီးကြီးကျယ်ကျယ် သတင်းလွှင့် တကယ်တော့ မကြားချင်ဘူး။ ကျနော်တို့က အသက်နဲ့လဲပြီး ထာဝစဉ်ကာကွယ်သွားမှာ ဖြစ်တယ်။” ဟုပြောပါသည်။

‘မြစ်ဆုံစီမံကိန်းပြုလုပ်ရန် ဒေသခံများသဘောတူကြောင်း’ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီ ၁၃ ရက်နေ့ ထုတ်ပြန်ခဲ့ပါသည်။

  • Popular

  • Latest