မြစ်ဆုံ ရာသက်ပန် ရပ်ဆိုင်းရေး ဆန္ဒပြဦးဆောင်ကို ငွေဒဏ် ၁ သောင်း ချမှတ်

Ja Hkawn၊ မြစ်ကြီးနားမြို့နယ် တရားရုံး

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံရသော မြစ်ဆုံရေကာတာစီမံကိန်း အပြီးပိုင် ရပ်ဆိုင်းရေး ဆန္ဒပြပွဲ တာဝန်ခံ ဒေါ် Ja Hkawn (ဂျာခေါ်န်)ကို ငွေဒဏ် ကျပ် တစ်သောင်းဖြင့် မြို့နယ်တရားရုံးမှ ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒပြပွဲတွင် ခွင့်ပြုချက်တောင်းခံထားသည့် အချက်များဖြင့် ကျော်လွန်ပြီး ပြုလုပ်သောကြောင့် ဟု ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး မြင့်မိုး မှ ထိုနေ့တွင် တရားလိုပြုပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

အများအကျိုးပြု ဆန္ဒပြပွဲပြုလုပ်ရာတွင် တာဝန်ရှိသူများအနေဖြင့် နားလည်ပေးသင့်ကြောင်း ယနေ့တရားရုံးတွင် ငွေဒဏ်ဖြင့် စီရင်ချက် ချမှတ်ခံရသည့် မြစ်ဆုံဒေသခံ ဒေါ် Ja Hkawn ယခု ကချင်သတင်းဌာန KNG ကို ပြောသည်။

“အစီစဉ်လုပ်တော့ ခရစ်ယာန်ဓလေ့လိုမျိုး ဆုတောင်းပွဲပုံစံတော့ရှိမှာပဲ။ ဒါပေမယ့်အပြစ်မတွေ့ တွေ့အောင်ရှာတဲ့သဘော ပါပဲ။ ပြီးတော့ နဖူးစည်း ‘No Myitsone Dam’ စာသားကလည်း ကျမတို့ ခွင့်ပြုချက်တင်ထားတဲ့ စာနဲ့ အဓိပ္ပာယ်အတူတူပဲ။ လော်စပီကာ မသုံးနဲ့လို့တော့ အစကတည်းကပြောပေမယ့် ဒီလောက်များတဲ့ လူထုကို မသုံးရင် မဖြစ်ဘူး။ သုံးရမှာဘဲ။ ကျမတို့ကိုယ်တိုင်ကလည်း လူအများအတွက် လုပ်နေတာဖြစ်တဲ့အတွက် သူတို့ဘက်က မတွေ့သလိုနေရင်လည်း ရတယ်။”

ဆန္ဒပြပွဲကြောင့် တရားစွဲဆိုခံရခြင်း နှင့် စီရင်ချက် ချမှတ်ခံရမှုပေါ် ကချင်လူမှုဖွဲ့ဖြိုးရေးကွန်ယှက် KDNG မှ ဦး Tsaji (စာဂျီ) ယခုလို သုံးသပ်ပြောဆိုပါသည်။

“သက်ဆိုင်ရာအစိုးရအဆင့်ဆင့်အနေနဲ့လည်း ပြည်သူလူထုတွေက ဆန္ဒဖော်ထုတ်တဲ့အခါ အခွင့်အရေးအပြည့်အဝ ပေးရပါမယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ် ဆိုတာ ကိုယ်ဖြစ်ချင် ပြောချင်တာကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လို့ရတယ်။ ဒါကြောင့် နောက်နောင်ဒီလိုမဖြစ်အောင် အစိုးရအနေနဲ့ လုပ်သင့်တယ်။ ငယ်တဲ့အမှု ပပျောက်အောင်၊ ကြီးတဲ့အမှု သေးငယ်အောင်လုပ်တဲ့ စနစ် ကို တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေမှာ လုပ်သင့်တယ်လို့ ပြောလိုပါတယ်။”

ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေကာတာ စီမံကိန်းများ အပြီးပိုင်ရပ်ဆိုင်းရေး လူထု ၇ ထောင်ကျော်ဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ မြစ်ကြီးနားမြို့တွင် လည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

  • Popular

  • Latest