သခင်စစ် သတ္တုကုမ္ပဏီ ၀န်ထမ်းများ သတင်းထောက် ၂ဦးကို တိုက်ခိုက်

တိုက်ခိုက်ခံရတဲ့ သတင်းထောက် ၂ဦး မွန်းမွန်းပန် နဲ့ လပတ်ခေါင်လွမ်း

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ သခင်စစ် သတ္တု ကုမ္ပဏီခြံဝင်းအတွင်း သတင်းထောက် ၂ဦးကို တရုတ်သစ်သျှူးငှက်ပျောခြံ လမ်းဖောက်လုပ်မှု သတင်းထုတ်ဝေခြင်းကိစ္စ ခေါ်ယူကာ ၀ိုင်းဝန်း တိုက်ခိုက်မှု ဖေဖေါ်ဝါရီလ ၂၆ အင်္ဂါနေ့ ဖြစ်ပွားခဲ့သည်။

မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားဂျာနယ်သတင်းတိုက် က အကြီးတန်း သတင်းထောက် Shdy. Mon Mon Pan (ရှရီ မွန်းမွန်းပန်) နှင့် အငယ်တန်း သတင်းထောက် Shd. Lapat Hkawng Lum (ရှဒန် လပတ်ခေါင်လွမ်း) တို့ကို ၎င်းတို့ ဂျာနယ်တွင် ရေးသားသော သတင်းနှင့်ပတ်သက်ပြီး ကုမ္ပဏီပိုင်ရှင်က တွေ့လိုကြောင်း ဖိတ်ခေါ်ကာ ယခုလို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Mon Mon Pan က ကချင်သတင်းဌာန KNG ဆိုပါသည်။

နံနက်ပိုင်း ၁၀နာရီကျော် ၀ိုင်းမော်မြို့ သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီ ခြံဝင်း အထဲသို့ သတင်းထောက် ၂ဦး ရောက်လာစဉ် Mon Mon Pan အား ကုမ္ပဏီ ပိုင်ရှင် Slg. Ting Sau (တိန့်ဆောင်) က စကားဖြင့်ညင်းဆဲကာ သူ ကိုင်ဆောင်ထားသောဂျာနယ်ဖြင့် သူမ၏ ညာဘက်ပါး (၁)ချက် ရိုက်နက်ခဲ့ပြီး Lapat Hkawng Lum ကိုလည်း အခြား ကုမ္ပဏီ ၀န်ထမ်း ၃ဦးက ထိုင်ထ အကြိမ် ၃၀၀ ခန့် ပြုလုပ်ခိုင်းကြောင်း သတင်းထောက် နှစ်ဦးက ပြောပါသည်။

ဖေဖါဝါရီလ ၂၅ရက်နေ့ထုတ်ဝေသော မြစ်ကြီးနားဂျာနယ်၏ စာမျက်နှာ ၁၂ တွင် ‘ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ်သစ်သျှူးငှက်ပျောကုမ္ပဏီနှစ်ခုက သစ်သျှူးငှက်ပျောစိုက်ရန် လမ်းတွေဖောက်နေတယ်’ ဆိုတဲ့ သတင်းကြောင့် ပြဿနာ ဖြစ်လာခြင်းဖြစ်သည်ဟု တိုက်ခိုက်ခံရသူ Mon Mon Pan က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ဒီသတင်းက ကျမရေးတာပါ။ ဒီကုမ္ပဏီထိခိုက်အောင်လည်းမရေးထားပါဘူး။ မန်ဒေါင်အုပ်ချုပ်ရေးမှူး ပြောတဲ့အတိုင်းဘဲ ငှက်ပျောစိုက်ပျိုးဖို့ လမ်းတွေဖော်လုပ်နေတယ်လို့ဘဲ ရေးထားတာပါ။ ပြီးရင် သခင်စစ်ကုမ္ပဏီက သစ်သျှူးငှက်ပျောစိုက်ထားတယ်လို့လည်း မရေးထားဘူး ဒါတွေက အားလုံးအမှန်ဘဲ။ မီဒီယာဆိုတာက ပြောတဲ့အတိုင်းရေးပေးရတာပါ။ သက်သေလည်းအားလုံးရှိတယ်။”

သို့သော်လည်း နာမည် မဖော်လိုသူ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ယခုလို တုန့်ပြန်ပြောဆိုသည်။

“ကျနော်တို့ ကုမ္ပဏီက သစ်သျှူးငှက်ပျောမစိုက်ပါဘူး။ လောပန်းကလည်း ငှက်ပျောပင် တစ်ပင်တွေ့ရင် တာဝန်ယူတယ်လို့ပြောတယ်။ ဘယ်သူ့ကိုမဆို မေးလို့ရတယ်။ တစ်နိုင်ငံလုံးမေးလို့ရတယ်။”

ပြည်သူများ အကျိုးအတွက်လုပ်ဆောင်နေသော သတင်းထောက် နှစ်ဦးကို ယခုလို ခြိမ်းခြောက်တိုက်ခိုက်ခြင်းသည် သတင်းထောက်အားလုံးကို စော်ကားခြင်းဖြစ်သလို တရားဥပဒေကို စိန်ခေါ်လိုက်သလိုဖြစ်နေကြောင်း မြစ်ကြီးနားဂျာနယ် သတင်းတိုက်မှ တာဝန်ခံ Zau Hkun (ဇော်ခွန်း) က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဒါက ရှင်းရှင်းပြောရရင် ကချင်ပြည်နယ်ရဲ့တရားဥပဒေကို စိန်ခေါ်လိုက်တယ်လို့ဘဲမြင်တယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း တော်တော်ကိုရုပ်ဆိုးစေတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထု အားလုံးအကျိုးရှိတဲ့ အရာကို ချပြတဲ့အရာဖြစ်တယ်။ သူတို့လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။”

ဝိုင်းမော်မြို့နယ် သစ်သျှူးငှက်ပျော သတင်းရေးသားမှုကြောင့် တိုက်ခိုက်ခံရသော သတင်းထောက် ၂ဦးက ကိုယ်တိုင် တရားလိုပြုကာ ပုဒ်မ (၅)ခုဖြင့် ၀ိုင်းမော်မြို့ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

၎င်း ပုဒ်မများတွင် မိန်းမ၏ ကာယအိနြေ္ဒပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မ ၃၅၄၊ ညစ်ညမ်းသောပြုလုပ်မှုများ ပုဒ်မ ၂၉၄၊ မတရားတားဆီး ကန့်ကွက်မှု အတွက်ပြစ်ဒဏ် ပုဒ်မ ၃၄၁၊ အလိုအလျောက် နာကျင်စေမှုပြစ်ဒဏ် ပုဒ်မ၃၂၃၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း ပုဒ်မ ၁၁၄ တို့ပါဝင်ကြောင်း Mon Mon Pan က ဆိုသည်။

သတင်းသမား ၂ဦး တိုက်ခိုက်မှုတွင် ကျူးလွန်သူများကို ဥပဒေအရ အရေးယူပေးရန်အတွက် မန္တလေးအခြေစိုက် သတင်းထောက်များအဖွဲ့၊ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်၊ လားရှိုးသတင်းထောက်များအဖွဲ့၊ တောင်ကြီးသတင်းထောက်များအသင်း၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာဂျာနယ်လစ်ကွန်ရက်၊ ကချင်ပြည်နယ် အခြေစိုက်သတင်းထောက်များအဖွဲ့များ က ဖေဖေါ်ဝါရီ ၂၆ ထုတ်ပြန်ချက်ဖြင့် ကချင်ပြည်နယ်အစိုးရကို ဆောင်းဆိုလိုက်သည်။

သတင်းထောက် ၂ဦးတိုက်ခိုက်ခံရမှု အမှုနှင့်ပတ်သက်ပြီး ဝိုင်းမော်မြို့နယ် မြို့မ ဒုရဲအုပ် ရန်နိုင်ထွန်းက အမှုကို စစ်ဆေးနေကြောင်း မေးမြန်းသိရသည်။

  • Popular

  • Latest