ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေး KIO၊ အစိုးရ တို့ကို KHCC တွေ့ဆုံမည်

ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေး KIO၊ အစိုးရ တို့ကို KHCC တွေ့ဆုံမည်

စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အသင်းတော်ခေါင်းဆောင်များ ဦးဆောင်သော ကချင်စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ KHCC က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ရှေ့ပတ်မှာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။

KIO ခေါင်းဆောင်များနှင့် ၎င်း၏ဌာနချုပ် လိုင်ဇာမြို့တွင် မတ် (၇)ရက်နေ့ Kachin Humanitarian Concern Committee အဖွဲ့ တွေ့ဆုံဆွေးနွေးမည်ဟု KHCC ကော်မတီ ဥက္ကဌ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောသည်။

၎င်းနောက် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို မတ် ဒုတိယအပတ်မှာ တွေ့ဆုံသွားရန်ရှိကြောင်း Rev. Dr. Samson ဆက်ဆိုသည်။

ကချင် ဒုက္ခသည်များ လုံလုံခြုံခြုံ နေရပ်ပြန်နိုင်ရေး ကိစ္စ အဖွဲ့နှစ်ဖွဲ့နှင့် KHCC ညှိနှိုင်းနေခြင်းနှင့်ပတ်သက်ပြီး Rev. Dr. Samson က “ကျနော်တို့က နှစ်ဖက်အစိုးရ အာမခံချက်ပေါ့နော် သူတို့ သဘောတူညီချက်ရှိတဲ့နေရာမှာ ပြန်ဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

ကချင်အသင်းတော်ကြီးများ ဦးဆောင်သော KHCC က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနား နှင့် ၀ိုင်းမော် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များနှင့် မြစ်ကြီးနားမြို့တွင် သီးသန့်တွေ့ဆုံပြီး နေရပ်ပြန်ရေး ပြင်ဆင်လုပ်ဆောင်နေခြင်း အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

ယခုအချိန်ထိ မည်သည့်နေရာတွင် ဒုက္ခသည်များ ပြန်နိုင်ကြောင်းကို ကော်မတီ မသတ်မှတ် နိုင်သေးကြောင်း နှင့် KIO၊ အစိုးရ တို့နှင့် တွေ့ဆုံမှုအပြီး ရလဒ်ပေါ်မူတည်ကာ ဒုက္ခသည်များ လုံခြုံစွာပြန်နိုင်သည့် နေရာကို ကော်မတီက ဆုံးဖြတ်ပေးနိုင်မည်ဟု Rev. Dr. Samson က ဆိုပါသည်။

ကချင်ပြည်နယ်အတွင်း KIO ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် ၈ သောင်းကျော် ခိုလှုံနေပြီး အစိုးရထိန်းချုပ် နယ်မြေတွင် ၄ သောင်းကျော် ရှိပါသည်။ ဒုက္ခသည်အများစုသည် အိမ်ပြန်ချင်ကြကြောင်း KHCC က ဆိုပါသည်။

မြန်မာအစိုးရနှင့် တပ်မတော် က ဒုက္ခသည်စခန်းများကို ဖျက်သိမ်းလိုကြောင်း ပြောဆိုဖိအားပေးမှု ပြုလာချိန် KIO က ‘အစိုးရနှင့် နိုင်ငံရေးအဖြေရှာနိုင်ပြီး နောက်ထပ် စစ်ရေးပဋိပက္ခ လုံးဝမရှိသည့်အချိန်မှ’ ဒုက္ခသည်များကို နေရပ်ပြန်စေလိုခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် တကျော့ပြန် ကချင်ပြည်တွင်းစစ်ဖြစ်လာပြီးနောက် အစိုးရ နှင့် KIO တို့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့သော်လည်း ယခု ၈နှစ်တိုင် နိုင်ငံရေး အဖြေမရသေးဘဲ နှစ်ဖက် တိုက်ပွဲဖြစ်နေဆဲ အနေထားမှာ ရှိနေခြင်းဖြစ်သည်။

  • Popular

  • Latest