ရွေးကောက်ပွဲဆိုင်ရာသတင်းအမြင်

အနာဂတ်ပြည်ထောင်စုအရေး NLD ပါတီ၏ ထုတ်ပြန်ချက် စာတွေ့ထက် လက်တွေ့ပိုဆန်သင့်ဟု ထောက်ပြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်သည် စာတွေ့ထက် လက်တွေ့ဆောင်ရွက်ဖို့ ပိုအရေးကြီးကြောင်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများက ပြောဆိုလိုက်သည်။

“ဒီစာတွေ၊ စကားတွေက စာဘဲဖြစ်တယ်၊ အဓိကတော့ လက်တွေ့ဆောင်ရွက်ဖို့လိုတယ်။  ကျနော်တို့ရဲ့စိတ်ဆန္ဒကတော့ ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်အရပဲသွားမယ်။ ဒါက ကျနော်တို့ရဲ့ရည်မှန်းချက်ဘဲဖြစ်တယ်။ အတူယှဉ်တွဲနေထိုင်ရေးက ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့လိုတယ်။ ဒါမဟုတ်ဘူးဆိုရင် ကျနော်တို့အနာဂါတ်ကို ဘယ်လိုသွားမလဲ အမြဲတမ်းဘဲ ခံစားနေရတယ်။ အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့လည်း အနိုင်ရရှိထားပြီးဖြစ်တဲ့အတွက် ဆက်လက်ပြီးခက်လာတော့မယ်။ စစ်တပ်နဲ့ဘယ်လိုမျိုးဆက်ဆံမလဲ၊ လက်နက်ကိုင်နဲ့ဘယ်လိုမျိုး ဆက်ဆံမလဲ၊ တိုင်းရင်းသားတွေနဲ့ဘယ်လိုမျိုးဆက်ဆံမလဲ၊” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

ရွေးကောက်ပွဲကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှနေရာအများစုတွင် အနိုင်ရသည့်ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားပါတီများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မမှိတ်မတုန်ဆက်လက်ကြိုးပမ်းသွားရန်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ SNLD ဝိုင်းမော်မြို့နယ် ပြန်ကြားရေးတာဝန်ခံ စိုင်းဆွန်လျို့ က အဆိုပါထုတ်ပြန်ချက်သည် စာအမှတ်အသားစသဖြင့်မပါသဖြင့် ပေါ့ပျက်ပျက် ပုံစံ တွေ့ရသည်ဟု ဆိုသည်။

“ဒီမတိုင်ခင် ၁၉၉၀ နောက်ပိုင်းကနေ ၂၀၁၀ အဲတုန်းကတော့ ကျနော်တို့ NLD ကိုယုံကြည်ခဲ့တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို မားမားမတ်မတ်ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၅ နောက်ပိုင်း သူတို့အနိုင်ရပြီးနောက်မှာတော့ သူတို့မဟာမိတ်မရှိခဲ့ဘူးဆိုတဲ့ သဘောမျိုး ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းအပြီးမှာတော့ သူတို့ပြောတဲ့စကားကိုပြန်ပြီး ချွေးသိပ်တဲ့ပုံစံမျိုးလား တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေရှုံးတဲ့အတွက် နှစ်သိမ့်တဲ့သဘောမျိုးလား နောက်တစ်ချက် သူတို့ထုတ်ပြန်တဲ့စာထဲမှာ စာအမှတ်လည်း မပါဘူး။ ပေ့ါပျက်ပျက်ပုံစံမျိုးလည်းသွားနေတဲ့အတွက် တော်တော်လေးသတိထားဖို့လိုမယ်လို့ထင်တယ်။ နောက်တစ်ချက် ကျနော်တို့နဲ့သူတို့ပူးပေါင်းဆောင်ရွက်ဖို့က သူတို့အပေါ်မှာဘဲ မူတည်ပါတယ်။” ဟု စိုင်းဆွန်လျို့က ပြောသည်။

တိုင်းရင်းသားများသည် ၎င်းတို့လိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စုကို NLD က ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည့်အတွက်လွန်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင် NLD ပါတီအား တစ်ခဲနက်ထောက်ခံအားပေးလာခဲ့ကြသည်။

NLD ပါတီက ၎င်းတို့၏ မူဝါဒကို ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုအဆင့်တွင် ချပြထားခြင်းမတွေ့ရသောကြောင့် ဝမ်းသာလို့ရသည့်အခြေအနေမဟုတ်သေးကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလဆန်အောင်က ပြောသည်။

“ရွေးကောက်ပွဲလို့ပြောတဲ့ချိန်မှာ ကျနော်တို့က ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စရပ် အကုန်လုံးကြည့်ရတယ်။ နိုင်ငံရေးပါတီတွေရဲ့သဘောသဘာဝက ကမ်ပိန်းကာလမှာပါတီရဲ့မူဝါဒကို ချပြရတာဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်တဲ့ မူဝါဒကို NLD ပါတီ ကမ်ပိန်းကာလမှာ သူတို့ထုတ်ဖော်ပြောဆိုတဲ့ မူဝါဒတွေရှိလား၊ ဆိုတာတွေကြည့်ရမယ်။ ဒါပေမယ့် ကျနော်ရဲ့လေ့လာချက်အရ ကချင်ပြည်နယ်မှာဖြစ်ဖြစ် ဘယ် Debate ပွဲတွေမှာမှ ဒီစာတန်းနဲ့ပတ်သက်တဲ့ တိကျတဲ့ခိုင်မာတဲ့မူဝါတွေချပြတာမရှိဘူး ပြည်ထောင်စုအဆင့်မှာလည်း ထုတ်ဖော်ကြေညာတာမတွေ့ရဘူး။ ယေဘုယျဆန်တဲ့ဟာတွေဘဲတွေ့ရတယ်။ အဲကြောင့်ကျနော်ထင်တယ် အရမ်းဝမ်းသာလို့မရဘူး။” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလဆန်အောင်က ပြောသည်။

နိုဝင်ဘာလ ၁၂ရက်နေ့ထုတ်ပြန်သည့် NLD ပါတီက ထုတ်ပြန်ချက်သည် တိုင်းရင်းသားများလိုလားနေသော ‘ဖက်ဒရယ်ဒီမိုကရေစီ’ ဆိုခြင်းထက် ‘ဒီမိုကရေစီဖက်ဒရယ်’ ဟုသာ ရေးသားထားသည့်အတွက် ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာတွင် အစိုးရဖွဲ့နိုင်သည့်ပမာဏထက်ကျော်လွန်ကာ အနိုင်ရပြီး၊ ကချင်ပြည်နယ်တွင်လည်း ၇၃ ရာခိုင်နှုန်းအနိုင်ရသည်ဟု သိရသည်။

Show More

Related Articles

Back to top button