၈ လ တိုင် ခါနန်စစ်ရှောင်များ အစိုးရ၏ အသိအမှတ်ပြုခြင်း မခံရသေး

ကဆုန် ခါနန်စစ်ရှောင်စခန်း၊ ပမ္မတီးရပ်ကွက်၊ မြစ်ကြီးနားမြို့

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များသည် စစ်ရှောင်အဖြစ် ၈လကျော် ကြာမြင့်လာပြီဖြစ် သော်လည်း ယနေ့ချိန်ထိ ပြည်နယ်အစိုးရ၏ တရားဝင်စစ်ရှောင်အဖြစ် အသိအမှတ်မခံရသေးကြောင်း ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် ခါနန်စစ်ရှောင်များက ဆိုသည်။

စစ်ရှောင်စခန်း တာဝန်ခံ Slg. Maji Doi Awng (ဆလန် မဂျီဒွဲအောင်) က “တစ်ချို့ တွေကြားနေရတယ် ကျနော်တို့ကို စစ်ရှောင်အတုဆိုပြီး ပြောနေကြတာတွေကို ဆက်ပြီးမလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို နမ္မတီးမှာနေတုန်းက အားလုံးထောက်ပံ့ပေးတယ်။ အားလုံး အသိအမှတ်ပြုတယ်။ ခုဒီမှာနေလာနေတဲ့သူတွေက ဟိုကနေ ပြောင်းခဲ့တဲ့လူတွေဘဲ တစ်ခြားလူ မပါဘူးလေ။ ဟိုမှာကျတော့ အစစ်ဖြစ်ပြီး ဒီမှာရောက်မှ ဘယ်လိုအတုဖြစ်သွားရတာလဲ။ ဒါက ကြည့်တာနဲ့တင် သိနိုင်ပါတယ်။”

ခါနန်စစ်ရှောင်ပြည်သူများသည် Kasung (ကဆုန်)၌ တိုက်ပွဲဖြစ်ပွားစဉ် နမ္မတီး ကံလှအသင်းတော်ရှိ စစ်ရှောင်စခန်းသို့ လာရောက်ခိုလှုံသူများဖြစ်သည်။ ယင်းစစ်ရှောင်စခန်းတွင် နေရာအခက်ခဲများရှိသည့်အတွက် မြစ်ကြီးနား ပမ္မတီးရပ်ကွက်သို့ လွန်ခဲ့သည့် ၂၀၁၈ ခုနစ် မတ်လ ၂၁ ရက်ကစပြီး နေထိုင်သူများဖြစ်သည်။

“တိုက်ပွဲဖြစ်တော့ ကျမတို့က ကိုယ်နဲ့နီးစပ်တဲ့ ကံလှ AG အသင်းတော်မှာ လာနေတယ်။ အဲမှာ နေရာအခက်ခဲဖြစ်တဲ့အတွက် အဲဒီအသင်းတော်က တာဝန်ခံတွေက တရားဝင်ခွင့်ပြုပြီးတော့ ဒီမှာနေရာကျဉ်းတယ် တစ်ခြားနေရာမှာ ရှာကြည့်ကြပါဆိုပြီး ခွင့်ပြုတော့ နမ္မတီးက ရပ်ရွာလူကြီးတွေနဲ့ ရှာကြည့်တယ်။ အဲမှာ မရနိုင်တော့ဘူး တစ်ခြားနေရာ လွတ်လွတ်လပ်လပ် ရှာကြတော့ဆိုပြီး အခွင့်ပေးလိုက်တယ်။ အဲလိုနဲ့ ကျမတို့လည်း ဒီမြစ်ကြိီးနားဘက်ကို ပြောင်းရွှေ့လာတာ” ဟု Srn. Manaw Ma (ဆရာမနော်မာ)က ဆိုသည်။

လက်ရှိတွင် ၎င်းတို့အား တရားဝင် စစ်ရှောင်များအနေနဲ့ အသိအမှတ်ပြုပေးရန် သက်ဆိုင်ရာ ဌာနများသို့ စာတင်ခဲ့သော်လည်း သက်ဆိုင်ရာများဘက်မှ ယနေ့ချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

“ကျမတို့ သက်ဆိုင်ရာ ဘက်ကို စာတင်တာ အခါပေါင်းမနည်းတော့ဘူး။ ဒါပေမယ့် ခုချိန်ထိ ဘာမှ မတုံ့ပြန်လာဘူး။ ကျမတို့ကြားရတဲ့တိုင်းဆို ကျမတို့ကို တိုင်တဲ့သူတွေ ရှိတယ်လို့ ကြားတယ်။ အဲကြောင့်နေမှာ ပါ။ ကျမတို့က ဘယ်သူတိုင်တယ်ဆိုတာ သိတယ် ဒါပေမယ့် ပြန်ချေပဖို့တွက် ကျမတို့မှာ အင်အားမရှိပါဘူး။ ဘုရားအလိုတော်အတိုင်းပဲ ရှိပါစေတော့ ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အားပေးပြီးမှပဲ နေတော့တယ်” ဟု ဆရာမနော်မာ က ဆက်ပြောသည်။

ခါနန်စစ်ရှောင်ပြည်သူများသည် စုစုပေါင်းအိမ်ခြေ ၃၅ ရှိသော်လည်း နမ္မတီးတွင် ၅ အိမ်ကျန်ခဲ့သည့်အတွက် လက်ရှိမှာတော့ အိမ်ခြေ ၃၀ သာ ရှိကြောင်းသိရသည်။ ယခုကိစ္စနဲ့ ပတ်သက်ပြီး ပမ္မတီးအုပ်ချုပ်ရေးမှူး က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“စရောက်တုန်းကတော့ အဆင်ပြေတယ် မပြေဘူး ခနန လာပြောကြတယ်။ ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ကူညီပါတယ်။ ခုနောက်ပိုင်းတော့ မလာကြတော့ဘူး ကျနော်လည်း သူတို့အဆင်ပြေပြီ ထင်တာ။ သက်ဆိုင်ရာကတော့ လာမေးမြန်းတာတွေရှိတယ်။ ကျနော်တို့ဘက်ကတော့ သူတို့အကူညီလိုအပ်လို့လာတောင်းရင်တော့ ကူညီမှာပါ။ သက်ဆိုင်ရာကလည်း စီစစ်တာတွေလုပ်နေတာနေမှာပါ” ဟု ပမ္မတီးအုပ်ချုပ်ရေးမှူး ဦးထွန်းကျော်ကပြောသည်။

ခါနန်စစ်ရှောင်များသည် ပြည်နယ်အစိုးရ၏ တရားဝင်စစ်ရှောင်အဖြစ် အသိအမှတ်ပြု မခံရသေးသည့်အပြင် အခြားအဖွဲ့အစည်းများမှလည်း ထောက်ပံ့မှု မရရှိသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုများလည်း ကြုံနေရကြောင်းသိရသည်။

  • Popular

  • Latest