မဆွတ်ဆိုင်းထွယ် ‘၂၀၁၉ ပြည်သူ့ဂုဏ်ရည် အထူးဆု’ ရရှိ

Sut Seng Htoi

အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းမှ ချီးမြှင့်သည့် ၁၀ကြိမ်မြောက် ‘ပြည်သူ့ဂုဏ်ရည်ဆု’ အတွက် Citizen Of Burma Award (အထူးဆု) ကို ကချင်အမျိုးသားရေးလုပ်ရှားဆောင်ရွက်နေသူ Shy. Sut Seng Htoi (မဆွတ်ဆိုင်းထွယ်) အပါအဝင် ၄ဦးကို ရွေးချယ်ခဲ့သည်။ 

ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့်အညီ အဆင့်ဆင့်စီစစ်ပြီး အချက်အလက်များစုဆောင်းခြင်း ပမာဏရွေးချယ်ခြင်း ဆန်ခါတင်အဆင့် ရွေးချယ်ခြင်း အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်း စသည်ဖြင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် နောက်ဆုံးအဆင့်ကို ၂၀၁၉ ခုနှစ် မတ်လ ၁ရက်နေ့တွင် အတည်ပြုရွေးချယ်ခဲ့ရာ ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ကိုရွေးချယ်ခဲ့ပြီး အထူးဆုများအနေဖြင့် မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်းဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်း နှင့် Clean Yangon Campaign တို့ကို ထပ်မံရွေးချယ်ခြင်းဖြစ်သည်။

“ကျမတို့လူငယ်တွေကြိုးစားအားထုတ်ခဲ့သမျှကို ကမ္ဘာကသိမြင်ပြီး အသိအမှတ်ပြုပေးတဲ့အတွက် အမောပြေစေသလို ပျော်ရွှင်မိတယ်။ ပြီးတော့ ဒီဆုကိုကျမနဲ့အတူ ကချင်လူငယ်ထုလုပ်ရှားမှုအဖွဲ့မှာ ပါဝင်တဲ့လူငယ်တွေအားလုံး ရတဲ့ဆုလို့လည်းပြောလို့ရပါတယ်” ဟု အထူးဆုရှင် Sut Seng Htoi က ကချင်သတင်းဌာန KNG ကို ပြောသည်။

ကချင်လူငယ် နှင့် စစ်ရှောင်ပြည်သူများအရေးကိစ္စ တက်ကြွလှုပ်ရှားသူ သူမသည် ဆက်လက်ပြီး လူငယ်နှင့်စစ်ရှောင်များ၏ အနာဂတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍတိုင်းတွင် တိုးတက်ပြောင်းလဲလာစေရန် လူငယ်များနှင့်လက်တွဲကာ ကြိုးပမ်းလုပ်ဆောင်သွားရန်စီစဉ်နေကြောင်း ဆိုပါသည်။

“ကိုယ်လူမျိုးရေးကို ချစ်ခင်မြတ်နိုးတယ်ဆိုရင် လူမျိုးရေးအတွက်အချိန်ပေးနိုင်ရမယ်။ ဒါအပြင် လူကြီးတွေအနေနဲ့အနာဂတ်ရဲ့လူငယ်တွေကို ပြစ်တင်ရှုံ့ချခြင်းမပြုပဲ ကျေးဇူးပြုပြီးလက်တွဲခေါ်ဆောင်ပေးကြပါ” ဟု မဆွတ်ဆိုင်းထွယ် က တောင်းဆိုလိုက်ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်အထူးဆုရှင်များအတွက် ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များကို ဧပြီလာ ၂၈ ရက်နေ့ မန္တလေးမြို့ Mandalay Convention Center ၌ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

  • Popular

  • Latest