ကချင်သင်္ကေတများဖြင့် မြစ်ကြီးနား မဟာသင်္ကြန် ဗဟိုမဏ္ဍပ် တန်ဆာဆင်ခြင်းကို လူငယ်များ ကန့်ကွက်

Myitkyina Maha Thingyan pavilion

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရပြုလုပ်သော ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နောက်ခံ၌ ကချင်အမျိုးသားအလံ၊ ကချင်အမျိုးသားစုံတွဲ ကာတွန်းပန်းချီဖြင့် ရေလောင်းကစားနေပုံ နှင့် ကချင် မနောတိုင်သင်္ကေတများ အသုံးပြုနေခြင်းပေါ် ကချင်လူများ ကန့်ကွက်ကြောင်း ဧပြီလ ၁၀ ရက်နေ့ သဘောထားထုတ်ပြန်လိုက်သည်။

လူငယ်များက ‘ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို သွေဖယ်ကာအသုံးပြုနေမှုအား ကာကွယ်တားမြစ်ခြင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်ရေး နှင့် အခြားလူမျိုးတို့၏ သြဇာလက်အောက်၌ အရောင်ဆိုးခြင်း မခံရစေမည့်အကြောင်း’ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကချင်ပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရက ဘယ်မှာဖြစ်ဖြစ် ကချင်အမှတ်အသားဖြစ်တဲ့ မနောတိုင်ကိုကိုင်တဲ့သဘောပါ။ ကချင်ရိုးရာဝတ်စုံကိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်အနေနဲ့ သုံးတာပါ။ ကပ်ပြီးသားတွေကို ပြန်ပြီးလဲပေးဖို့တော့ အစီအစဉ်မရှိသေးဘူး။” ဟု ကချင်ပြည်နယ်အစိုးရ စည်ပင်ဝန်ကြီး Slg. Naw Li (ဦးနော်လီ) က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယနေ့ ညနေပိုင်းလောက် မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီ ကို လူမှုရေးဝန်ကြီး နှင့်အတူ သူသွားတွေ့မည်ဖြစ်သည်ဟု မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီမှ ပြန်ကြားရေးတာဝန်ခံ Slg. Naw Hkung (ဦး နော်ခုန့်) က KNG ကို ယခုလို ပြောသည်။

Myitkyina Maha Thingyan pavilion
“ကချင်ရိုးရာဓလေ့ထုံးတမ်းကို ပိုမြင့်တင်ပေးတဲ့အနေနဲ့ လူတွေ မှန်မှန်ကန်ကန် အသုံးပြုပေးရင် ပိုကောင်းတယ်လို့မြင်တယ်။ သဘောထားထုတ်ပြန်ထားတဲ့ လူငယ်တွေလည်း ဒါကို ၁၀၀ရာခိုင်နှုန်း ပိတ်ပင်သလိုမဟုတ်ဘဲ မှန်မှန်ကန်ကန် အားလုံးအသုံးပြုပေးဖို့ နည်းနည်းလေး ဖွင့်ထားပေးတဲ့ သဘောအနေနဲ့ သဘောထားထုတ်ပြန်ရင် ပိုကောင်းမယ်လို့ယူဆတယ်။” ဟု ဆိုသည်။

၎င်းသဘောထားထုတ်ပြန်ချက်ကို ကချင်တမျိုးသားလုံးဆိုင်ရာလူငယ်များသမဂ္ဂ (All Kachin Youth Union)၊ ကချင်စာပေနှင့် ယဉ်ကျေးမှုဖက်ဒရေးရှင်း(တက္ကသိုလ်များ)၊ မြစ်ကြီးနားမြို့ ကချင်လူငယ်များ၊ ဗန်းမော်မြို့ ကချင်လူငယ်များ၊ ဖားကန့်မြို့ ကချင်လူငယ်များ စသည့်အဖွဲ့စည်း (၅)ဖွဲ့မှ တောင်းဆိုတင်ပြခြင်း ဖြစ်သည်။

  • Popular

  • Latest