ဖားကန့် ရေမဆေးသမား ၁ဦး မြေစာသယ်ယာဉ် ကြိတ်မိကာ သေဆုံး

ဖားကန့် ရေမဆေးသမား ၁ဦး မြေစာသယ်ယာဉ် ကြိတ်မိကာ သေဆုံး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ သက်တမ်းကုန်ဆုံးသော ကျောက်စိမ်းလုပ်ကွက်ဟောင်း တစ်ခုတွင် ယနေ့ မြေစာသယ်ယာဉ် တစ်စီး ကြိတ်မိသဖြင့် ရေမဆေးကျောက်စိမ်း ကောက်သမားတစ်ဦး သေဆုံးခဲ့သည်။
 
မွန်းလွဲ ၁နာရီခန့် အဆိုပါ ရေမဆေးသမား ဆိုင်ကယ်စီးလာစဉ် မြေစာသယ်ယာဉ်မှ မတော်တဆဝင်တိုက် ကြိတ်သတ်လိုက်ခြင်းဖြစ်သည် ဟု ဖားကန့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Green Land ဥက္ကဌ ဦး Ying Hkaw က ကချင်သတင်းဌာန KNG ကို ပြောပါသည်။
 
ကြိတ်သတ်ခံရသော ရေမဆေးသမားမှာ အသက် (၅၄)နှစ် အရွယ် ဦးအိုက်ပန်း ဖြစ်ပြီး ၎င်းသည် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ နောင်မွန်းကျေးရွာသားဖြစ်သည်ဟု Green Land ကဆိုပါသည်။
 
ယာဉ်တိုက်မှု အခင်းဖြစ်ပွားသည့် နေရာသည် မှော်စီစာ၊ ဖြူစင်ကုန်းရပ်ကွက်ရှိ လုပ်ကွက်ဟောင်းနေရာတွင်ဖြစ်ပြီး ထိုနေရာသို့ ပုံမှန် မြေစာစွန့်ပစ်နေသော ကုမ္ပဏီ သုံးခုမှာ ဂျိတ်ပါဝါကုမ္ပဏီ၊ Seven Star ကုမ္ပဏီ နှင့် နဂါးကိုးကောင်ကုမ္ပဏီ တို့ဖြစ်ကြကြောင်းသိရသည်။

  • Popular

  • Latest