ကချင်ပြည်နယ်မှ ဧရာမ ကျောက်စိမ်းတုံးကြီးအား ရန်ကုန်သို့ သယ်ပို့မည်

မြန်မာ့ကျောက်မျက် လုပ်ငန်းက ကချင်ပြည်နယ် ဖားကန့်ကျောက်တွင်းမှ ထွက်ရှိသော ဧရာမ ကျောက်စိမ်း အရိုင်းတုံးကြီးကို ကျောက်မျက်ပြပွဲတွင် ပြသရန်အတွက် ရန်ကုန်သို့ သယ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာတိုင်းမ် ဂျာနယ်ကို ကိုးကား၍ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြသည်။  
 
တန်ချိန် ၁၁၅ တန်ရှိ ကျောက်စိမ်းတုံးကို အရင်နှစ်ကုန်ပိုင်းက ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော မက်စ်မြန်မာ ကုမ္ပဏီက တူးဖော်ရရှိခဲ့ပြီး ယခုအချိန်ထိ တန်ဖိုး သတ်မှတ်ရခြင်း မရှိသေးပေ။

ယခု တူးဖော်ရရှိသော ကျောက်စိမ်းရိုင်းတုံးမှာ ၁၀ နှစ်အတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းများအနက် ဒုတိယ အကြီးဆုံးဖြစ်သည်။

အကြီးဆုံး ကျောက်ရိုင်းတုံးကတော့ ၂၀၀၀ ခုနှစ်က ဖားကန့်ကျောက်စိမ်းတွင်းမှာပင် တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး တန်ချိန် ၃၀၀၀ လေးကာ အရှည် ၂၁ မီတာ၊ အကျယ် ၄.၈ မီတာနှင့် အမြင့် ၁၀.၅ မီတာ ရှိပြီး ကမ္ဘာ့အကြီှးဆုံး ကျောက်စိမ်းတုံးဟု ဆိုကြသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံး ပတ္တမြား၊ အကြီးဆုံး နီလာတို့ ထွက်ရှိခဲ့သည်ဟု ဆိုသည်။ ဖားကန့်သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရတနာမြေတခုဖြစ်သည်။

တချိန်တည်းမှာပင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှ စ၍ မြန်မာအစိုးရက ယခင်ပိတ်ပင်ထားသည့် ဖားကန့် ကျောက်စိမ်းတွင်းများသို့ နိုင်ငံခြားသားများကို သွားရောက်လည်ပတ်ခွင့် ပေးခဲ့သည်။

  • Popular

  • Latest