အိန္ဒိယသူပုန်ခေါင်းဆောင် ကချင်ပြည်နယ်မှာပုန်းအောင်းနေတာစီစစ်ပေးဖို့ မြန်မာစစ်အစိုးရအား တောင်းဆို

အိန္ဒိယ အရှေ့မြောက်ဒေသက သူပုန်ခေါင်းဆောင် United Liberation Front of Asom ညီညွတ်သော အာသံ လွတ်မြောက်ရေးတပ်ဦး အဖွဲ့က စစ်ဦးစီးချုပ် ဘာရူး ကချင်ပြည်နယ်မှာ ပုန်းအောင်းနေတယ်ဆိုတာ ဟုတ်မဟုတ် စီစစ်ပေးဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက မြန်မာစစ်အစိုးရကို တောင်းဆိုသွားမယ်လို့ ဆိုပါသည်။
 
နေပြည်တော်မှာ အင်္ဂါနေ့ကစပြီး သုံးရက်ကြာပြုလုပ်မယ့် မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ တောင်းဆိုသွားမယ့်အကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကို TNN သတင်းဌာနက ကိုးကားထားသည်။

သူပုန်ခေါင်းဆောင် ဘာရူး ကချင်ပြည်နယ်မှာပုန်းအောင်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အေ) အလတ်တန်း အရာရှိတစ်ဦးကတော့ သူတို့မသိဘူးလို့ ပြောပါသည်။

တရုတ်နိုင်ငံထုတ်လက်နက်ခဲယမ်းတွေ မြန်မာနိုင်ငံ (ကချင်ပြည်နယ်) က တဆင့် ဖြတ်ပြီး အိန္ဒိယသူပုန်တွေ ဆီ ရောက်နေတဲ့ ကိစ္စ၊ မြန်မာနိုင်ငံ အတွင်းမှာ အိန္ဒိယ အရှေ့မြောက်ဒေသက သူပုန်အဖွဲ့တွေ ULFA, NSCN (IM), NSCN (K), PLA and UNLF ခြေကုတ်ယူ စခန်းချနေတာကို ရှင်းလင်းပေးဖို့နဲ့ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေး မှောင်ခို ကုန်ကူးမှုနဲ့ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးမှာ လို့ ပြောထားပါသည်။

နှစ်နိုင်ငံ ရဲအဖွဲ့တွေကတော့ အပြန်အလှန် နယ်စပ်မှာ ရဲဂိတ်တွေ ထားပြီး သတင်းဖလှယ်ဖို့လည်း လုပ်ဆောင် သွားမယ်လို့ ဆိုပါသည်။

  • Popular

  • Latest