ရှပေါင်ယောင် ကချင်မနောပွဲတော် အိန္ဒိယတွင် ကျင်းပ
- In သတင်း
- Post 17 February 2012
- Last Updated on 17 February 2012
- By KNG
- Hits: 936
အိန္ဒိယနိုင်ငံတွင် ဆိန်းဖော (Singpho)ခေါ် ကချင်လူမျိုးများ၏ “(၂၈) ကြိမ်မြောက် ရှပေါင်ယောင် မနောပွဲတော် ကြီး (Shapawng Yawng Manau Poi)” ကို ဖေဖော်ဝါရီလ (၁၂)မှ (၁၆) ရက် အထိ နိုင်ငံအရှေ့မြောက်ဘက် အယူနာရှာပရာဒေ့ရှ်ပြည်နယ်တွင် ကျင်းပခဲ့သည်။
မနောပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် နာဘမ်တူကီ တက်ရောက်၍ မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ လာရောက်ကြသော ပြည်ပဧည့်သည်များအပါအ၀င် လူဦးရေ ထောင်ဂဏာန်းတက်ရောက်ကြသည်။ “(၃၄) ယောက်က မိခင်ဂျိန်းဖော့ပြည် (ကချင်ပြည်နယ်၊ မြန်မာ)က၊ (၆) ယောက်က ထိုင်းနိုင်ငံက” ဟု ဧည့်ကြိုကော်မတီဝင် ဇခုန်ဇော်အိန် ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်သစ် တူကီ နှင့် ၎င်း၏ ကက်ဘိနက်ဝန်ကြီး (၅) ဦး၊ အိမ်နီးချင်း အာဆမ်ပြည်နယ်မှ ၀န်ကြီး (၂) ဦးတို့တက်ရောက်ကြသေးသည်ဟု ဆက်ပြောသည်။
မနောပွဲကို လိုဟစ်(Lohit) ခရိုင် နမ်ဂေါစံပြကျေးရွာတွင် ကျင်းပခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ဆိန်းဖော(ကချင်) လူမျိုးများသည် အယူနာရှာပရာဒေ့ရှ်ပြည်နယ်နှင့် အာဆမ်ပြည်နယ်များ တွင် အဓိကနေထိုင်ကြသည်။
မနောပွဲတော်များကို ဂျိန်းဖေါ့ (မြန်မာလို ကချင်) အမျိုးသားများ အဓိကနေထိုင်သည့် အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် နှစ်စဉ်ကျင်းပ လာရာ ယခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရ စစ်ရေးပဋိပက္ခများကြောင့် ကချင်ပြည်နယ်၌ မနောပွဲကျင်းပခြင်းမရှိပါ။
မနောပွဲတော်အစား ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၀) ရက် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းက ဒေါသမိန့်ခွန်းဖြင့် အစားထိုးခဲ့သည်။ ထို မိနစ် ၂၀ မိန့်ခွန်းတွင် KIO ကို “ငြိမ်းချမ်းရေးတားမြစ်သူ” အဖြစ် စွပ်စွဲထားသည်။
သို့သော် ကချင်ပြည်သူ အများစုမှာ ၀န်ကြီးချုပ် မြင်သကဲ့သို့ KIO အား ၁၇ နှစ်ကြာငြိမ်းချမ်းရေးကို အဆုံးသတ် ဖျက်ဆီးသူအဖြစ် ရှုမြင်ခြင်း မရှိပါ။
ယမန်နှစ် ဇွန်လကစတင်ခဲ့သည့်တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀၀ ကျော်ရှိပြီဖြစ်သည်။ မြန်မာ အစိုးရ ထိန်းချုပ်ဒေသများသို့ ၀င်ရောက်ခိုလှုံကြသူများရှိသော်လည်း အများစုသည် KIO နယ်မြေ ယာယီစခန်းများနှင့် တရုတ်နိုင်ငံထဲသို့ ခိုလှုံလာကြသည်။
ယခုထက်ထိတိုင် KIO ဒေသရှိ ဒုက္ခသည်များထံ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ၀င်ရောက်ခွင့်ကို မြန်မာအစိုးရက ပိတ်ပင်ထားဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်လကျော်တွင် ကုလသမဂ္ဂအဖွဲ့တစ်ခု KIO ဌာနချုပ်လိုင်ဇာသို့ ၀င်ရောက်ခွင့်ပြုခဲ့သော်လည်း နောက်ထပ် ထပ်မံ၍ သွားရောက်ခွင့်ကို မြန်မာအစိုးရက ပိတ်ပင်ထားဆဲဖြစ်သည်။




