တိုက်ပွဲသတင်း

ဆဒုံးတိုက်ပွဲမှာ KIA ရဲ့ တပ်စခန်းတစ်ခု နောက်ဆုတ်ပေးလိုက်ရ

ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တစ်ပတ်ကျော်ကာလအတွင်းမှာ စစ်တပ်ကရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် KIA တပ်စွဲနေထိုင်တဲ့ လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းရင်း မြစ်တွေကနေ ပြောပါတယ်

ဇွန်လ ၂၆ ရက်နေ့ကနေကစပြီး စစ်ကောင်စီတပ်ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့ဟာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရောက်လာရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။

ထိတွေ့တိုက်ပွဲတစ်ပတ်အတွင်းမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ လာရောက်ပစ်ကူတာတွေရှိသလို ဇူလိုင်လ ၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က  ဝူယန်ကျေးရွာမှာနေတဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်အင်အားထပ်ဖြည့်လာပြီး ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့နေတာဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေစဉ်အတွင်း ဇူလိုင်လ ၄ ရက်နေ့မှာတော့ KIA နယ်မြေက လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

“ တိုက်ပွဲက ရက်ပေါင်း ၁၀ ရက်နီးရှိလာပြီလေ သူတို့ဘက်ကလည်း အထိနာလို့လေကြောင်းကနေ လာပစ်ကူတာလည်းရှိတယ်။ မနေ့ကတော့ သူတို့ဘက်ကဝူယန်ဘက်က အင်အားထပ်ဖြည့်လာတာ ကားတစ်စီးမိုးကာအုပ်ပြီး စစ်ကြောင်းထပ်ထိုးလာတာ တိုက်ပွဲလည်းပြင်းထန်ခဲ့တယ် စခန်းတစ်ခုတော့ နောက်ဆုတ်ပေးလိုက်ရတယ်” လို့ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသလို KIA ဘက်ကလည်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်း မြစ်တွေက  ဆက်ပြောပါတယ်။

လက်ရှိချိန်မှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေသေးတာကြောင့် ဆဒုံး-ကန်ပိုက်တီသွားလမ်းမကြီးမှာ ခရီးသွားယာဉ်တွေဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက်က တားမြစ်စစ်ဆေးတာ ကန့်သတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆဒုံး-ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ KIA ရဲ့ခွင့်ပြုချက်နဲ့ အခွန်ကောက်နေတဲ့ ဂိတ်တစ်ခုကို ရွှေမင်းပြည်သူ့စစ်တပ်က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် လုပ်ငန်းရှင် ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်နောက်ပိုင်း ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား စစ်ရေးတင်းမာမှုအရှိန် သိသိသာသာမြင့်တက်လာပြီးတော့ ခုဆို တိုက်ပွဲဖြစ်ပွားနေတာ  ၁၀ ရက်ရှိပြီဖြစ်ပါတယ်။

ဆဒုံး- ကန်ပိုက်တီလမ်းပိုင်းမှာ စစ်ရေးတင်းမာနေစဉ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ မြစ်ကြီးနား၊ နမ့်ကျင်စီးပွားရေးဇုံအတွက် ဆွေးနွေးဖို့ရောက်လာတဲ့ ယူနန်ပြည်နယ်တရုတ် ကောင်စီဝန်ရုံးအဖွဲ့ယာဉ်တန်းဟာ ဆဒုံး လနားရေတံခွန်နားမှာ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button