သတင်း

လုံးခင်းတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

အဆိုပါ လုယက်ခံရမှုသည် ဧပြီ ၁၆ ရက်နေ့ည ၈ နာရီအောင်ရာနှင့် မဇွပ်ယန် ကျေးရွာကြားတွင် တစ်စီး နှင့် အောင်ရာ ဘောလုံးကွင်းအနီးတွင်တစ်စီးလုယက်ခံခဲ့ရကြောင်း လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ဟုတ်တယ် မနေ့ကဖြစ်သွားတာ လုံးခင်းထဲက အောင်ရာဘောလုံးကွင်းနားလေးမှာ လုခံလိုက်ရတာ ကားကအဖြူလို့ပြောတယ်။ ဘောလုံးကွင်းနားမှာဖြစ်သွားတာ ကားကို တားပြီးမှ လုယက်သွားတာတဲ့”ဟုကပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလုယက်မှု ကျူးလွန်သူများသည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်ပြီး တစ်ဖွဲ့လျှင်လူ သုံးဦးမှ ငါးဦးအထိ ပါဝင်ရာ လက်နက်ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်ကြောင်း သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာရပ်ကွက် ၅ ရှိ နေအိမ်တစ်အိမ်တွင် လူငယ် ၅ ဦးခန့်က ဝင်စီးပြီး ငွေကျပ်သိန်းပေါင်း သောင်းဂဏန်းခန့် လုယက်ခံလိုက်ရကြောင်း လုံးခင်းကျေးရွာမှ ဒေသခံတစ်ဦး က ဆက်ပြောသည်။

လုံးခင်းရပ်ကွက် ၅ ထဲမှာဖြစ်သွားတာ အောင်ရာ အစပ်ဘက်ကျမှာပေါ့ တရုတ်အိမ်တစ်အိမ်ကိုဝင်စီးတာ သိန်းသောင်းထပ်ပြီး ပါသွားတယ်။ ပြီးတော့သူတို့က လုယက်ပြီးတော့ အိမ်ရှင်ကိုခြိမ်းခြောက်ထားတယ်တဲ့ အပြင်ကိုမပေါက်ကြားဖို့ပေါက်ကြားရင် လာသတ်မယ်ဆိုပြီး ပြောသွားတယ်တဲ့”ဟုလုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

လုံးခင်းတွင် ယခုကဲ့သို့ အလားတူဖြစ်စဥ်မျိုး ပိုမိုဖြစ်ပွားလာနေပြီး ယင်းလုပ်ရပ်များကို ကျူးလွန်နေသူများသည် မည်သည့်အဖွဲ့မှ ဖြစ်ကြောင်းကို အသေးစိတ်မသိရှိသေးပေ။

လုံးခင်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရွှေဆိုင်တစ်ဆိုင် ငွေကျပ်သိန်း ၅၀၀ ဓားပြတိုက်ခံရမှုတစ်ကြိမ်၊ ဒီဇင်ဘာလက ဖုန်းဆိုင်တစ်ဆိုင် ငွေကျပ်သိန်း ၅၀ ဓားပြတိုက်ခံရမှုတစ်ကြိမ်အပြင်၊ ကျောက်ပွဲစားများလုယက်ခံရမှု၊ ဆိုင်ကယ်လုယက်ခံရမှုနှင့် အခြားလုယက်မှုလည်းအများအပြားရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button