လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဆရာမနှစ်ဦး၏ အလောင်းကို မူဆယ်ဆေးရုံတွင် ဇန်နဝါရီလ ၂၀ ရက်က ဆေးစစ်ခဲ့ပြီးသော်လည်း အစိုးရ ရဲတပ်ဖွဲ့က ဆေးစစ်တမ်းများကို ထုတ်ပြန်ခြင်း မရှိသေးဘဲ မူဆယ်ခရိုင် ရဲတပ်ဖွဲ့က ကောင်းခါးကျေးရွာရှိ ဒေသခံများနှင့် အစိုးရ စစ်သားများကို ပထမဆုံးအကြိမ် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ဆေးစစ်ချက်တွေ မပေးသေးဘူး။ ရဲတပ်ဖွဲ့တွေက သိမ်းထားခိုင်းတဲ့သဘောရှိတယ်။ ဒီနေ့ စစ်သားတွေနဲ့ ရွာသားတွေကို စစ်ဆေးတယ်။ ပထမဆုံးအဆင့်ဘဲ ရှိသေးတယ်။ မူဆယ်အထူးခရိုင်ရဲမှူးကို တာဝန်ယူပြီး အရာရှိ ၄ ယောက် ပါဝင်ပြီး စစ်ဆေးနေပါတယ်” ဟု မူဆယ်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး Rev. Zau La (သိက္ခာတော်ရ ဆရာဇော်လာ) က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ကောင်းခါးကျေးရွာတွင် အစိုးရ၏ ခမရ ၅၀၃ တပ်ရင်း အင်အား ၁၀၀ ခန့်ရှိရာမှအင်အား ၆၀ ခန့်ထပ်မံ ဖြည့်တင်းလာသဖြင့် ဒေသခံများ ကြောက်လန့်နေကြသည်ဟု ကောင်းခါးကျေးရွာ အုပ်ချုပ်ရေးမှူး Slg. Zinghtung La (ဦးဇင်ထုန်းလ) က ပြောသည်။

ထို့ပြင် အစိုးရ၏ မူဆယ်ခရိုင်ရဲမှူး တာဝန်ယူ၍ ကောင်းခါးကျေးရွာ ဒေသခံ ၃၇ ဦးနှင့် တပ်မတော် စစ်သား ၁၅ ဦးခန့်တို့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းမှူး ဦးဇော်မင်းထွန်း က ပြောသည်။ သေမှုသေခင်းနှင့် ပတ်သက်၍ ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သူက ဆိုသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ၏ စေတနာဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သေဆုံးမှုကို တနိုင်ငံလုံးရှိ KBC အသင်းသူ၊ သားများသာမက ကချင်တစ်မျိုးသားလုံး ဝမ်းနည်းကြေကွဲခဲ့ရကြောင်း၊ စုပေါင်းဆုတောင်းခြင်း သို့မဟုတ် သီးသန့် ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ကြရန် KBC က ဇန်နဝါရီလ ၂၁ ရက်က ကချင်ဘာသာဖြင့် ကြေငြာချက် ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

KBC မှ စေလွှတ်လိုက်သော ကျောင်းဆရာမနှစ်ဦးသည် အဓမ္မပြုကျင့်၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်းနှင့် အဆိုပါ အစိုးရတပ် ခမရ ၅၀၃ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်မှစ၍ ကောင်းခါးကျေးရွာတွင် အခြေချခဲ့ကြောင်း ဖော်ပြထားသည်။

၁၉၉၅ ခုနှစ်မှစတင်၍ KBC က ပညာရေးသင်ကြားပေးမည့် စေတနာ့ ဆရာ၊ ဆရာမကို ပို့ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ နှစ် ရှိခဲ့ပြီ ဖြစ်ကြောင်း၊ တာဝန်ကျနေရာဒေသမှ ဘာသာမရွေး ဒေသခံများ၏ ချစ်ခင်မှုလည်း ခံရသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို မူဆယ်ဆေးရုံမှ မြစ်ကြီးနားမြို့သို့ ယနေ့တွင် သယ်ဆောင်သွားပြီ ဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီလ ၂၂ သို့မဟုတ် ၂၃ ရက်တွင် KBC မှ တာဝန်ယူ၍ သဂြိုလ်မည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၁၉ ရက် ညသန်းခေါင်ယံချိန်တွင် ကောင်းခါး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ နေအိမ်တွင် အသက် ၂၀ နှစ်အရွယ် Maran Lu Ra (မရန်လုရာ) နှင့် အသက် ၂၁ နှစ်အရွယ် Tangbau Hkawn Nan Tsin (တန်ဘောင်ခေါန်နန်စင်) တို့အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button