ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု မပြီးသေးသဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်များက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် NCCT တို့ (၇) ကြိမ်မြောက် ထပ်မံ တွေ့ဆုံရန် အကြို တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ ၂၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ညှိနှိုင်းလို့ မပြီးသေးတော့ ထိုးလို့ မရသေးဘူး။ ညှိနှိုင်းသဘောတူညီချက်ရမှာ ထိုးလို့ရတာကိုး၊ ခုတော့ တော်တော် များများ ညှိလာခဲ့ပြီး ပါပြီ။ ကျန်တဲ့ အချက်တချို့ ရှိသေးတာပေါ့၊ အဲဒီရက် ထိုးနိုင်ဖို့ အနေအထား မရှိသေးဘူး” ဟု NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

၎င်းဆွေးနွေးမှုတွင် NCCT ဘက်မှ UPWC အား လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ဆွေးနွေးရန်၊ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းရန်ဟူသော အချက် (၃) ချက်ကို အဓိက တင်ပြခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးသဖြင့် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

“အစိုးရဘက်က ဒီဇင်ဘာ အဆိုပြုထားတာကို NCCT ဘက်က ဆွေးနွေးဖို့ လိုတယ်ဆိုတာပါဘဲ။ ပြည်ထောင်စု နေ့ လက်မှတ် ရေးထိုးဖို့ ရက်တွေက အရမ်းနီးကပ်နေတဲ့အချိန်။ စာချုပ်မှုကြမ်းမှာ လိုအပ်နေတာ တွေ ပြန်ညှိတဲ့သဘောပါ၊ (၇) ကြိမ်မြောက် ဆက် ဆွေးနွေးဖို့ ရက်က သတ်မှတ်လို့ မရသေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ နှင့် ၂၃ ရက်များတွင် UPWC နှင့် တွေ့ဆုံဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ပြန်လည် သုံးသပ်မှုကို ဇန်နဝါရီလ ၁၉ နှင့် ၂၀ ရက်များတွင် ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button