သတင်း

အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် ဂွေခါကားလမ်းအနီးနှင့် ကားမိုင်းနှင့် မိုးကောင်းကားလမ်း နမ်ဆန်ချောင်းအနီးတွင် KIA တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ် မြန်မာပြည်အောက်ပိုင်းမှ တက်လာသော အစိုးရ စစ်တပ်များနှင့် ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

“ဂွေခါဘက် ဒီမနက် ၁၀ နာရီခွဲကနေ ဖြစ်တာ ၁ နာရီခွဲ ၂ နာရီထိ ဖြစ်တယ်။ ကားမိုင်းဘက်မှာက ၁၀ နာရီ ၅၅ မိနစ်ကနေ ၁ နာရီခွဲလောက်မှာ တိုက်ပွဲ ရပ်သွားတယ်။ အရင်ရက်တွေလည်း ပြောက်ကျားတိုက်ပွဲဖြစ်တာ။ သူမသိကိုယ်မသိပုံစံ တိုက်နေကြတာ။ ဒါပေမဲ့ ဒီနေ့တော့ နှစ်နာရီ သုံးနာရီလောက် တိုက်ပွဲဖြစ်လာတယ်” ဟု သူက ကချင်သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်ထိ နေ့စဉ် တိုက်ပွဲ ပြင်းပြင်းထန်းထန် ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၉၊ ၂၀၊ ၂၁ ရက်များတွင် ပြောက်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ယနေ့တွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး တန်ဆန့်က ပြောသည်။

အစိုးရဘက်မှ စစ်အင်အား ဖြည့်တင်းမှုများ ရှိနေသလို၊ နှစ်ဖက် စစ်တပ်များ နီးကပ်စွာ ရှိနေသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ဆိုသည်။ ယနေ့ တိုက်ပွဲအတွင်း အစိုးရဘက်မှ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသည်ဟု ကြားရပြီး KIA ဘက်ကမူ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူက ပြောဆိုခဲ့သော်လည်း သီခြားအတည်ပြုချက် မရရှိသေးပါ။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအတွင်း လက်ရှိ အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် အခြေချထားဆဲ ဖြစ်ပြီး အဆိုပါ အောင်ဘာလေ ကျေးရွာသား ၁၀၀၀ ခန့်သည်လည်း လက်ရှိ ဥရုချောင်း တစ်ဖက်ကမ်း ဂင်စီကျေးရွာသို့ ခိုလှုံနေသည်ဟု သူက ဆိုသည်။

တိုက်ပွဲအတွင်း ပိတ်မိခဲ့သော ယင်းရွာသားများကို ဖားကန့်မြို့ ဘာသာရေးခေါင်းဆောင်များ သွားရောက်ခေါ်ယူရန် အစိုးရ စစ်တပ်က ခွင့်မပြုခဲ့သလို၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)တို့ သွားရောက်မှုကိုလည်း ခွင့်မပြုခဲ့ပေ။ ထို့ပြင် စားနပ်ရိက္ခာ ပြတ်လပ်နေသည်ဟု သိရသဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ သွားရောက် ထောက်ပံ့ရန် တင်ပြခဲ့မှုကို ငြင်းပယ်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“အခုတလော KBC က ဆန်တွေ ကူညီထောက်ပံ့မယ်လို့ ပြောတော့ စစ်တပ်က မတက်ခိုင်းဘူး။ သူတို့ ထောက်ပံ့မယ် လို့ပြောပြီးတော့ KBC သူတို့ကို ပေးလိုက်တော့ စစ်ပြေးဒုက္ခသည်တွေကိုတော့ သူတို့ တပ်မမှူး ထောက်ပံ့တာ ဖြစ်တယ်ဆိုပြီး ပြန်ပြောတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

ယင်းရွာသားများထဲတွင် ကျောင်းသား ၂၀၀ ခန့် ပါဝင်၍ ၎င်းတို့ကို ဂင်စီကျေးရွာရှိ ကျောင်းတွင် စာမေးပွဲ ဖြေဆိုခွင့်ပြုရန် စီစဉ်ထားသည်ဟု သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်တွင် မြဝတီ သတင်းဌာနက အောင်ဘာလေကျေးရွာသားများအား မေးမြန်းမှုကိုလည်း အစိုးရ ဖြေဆိုခွင့် တားမြစ်ခဲ့သည်ဟု သူက ဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြောင်းတွင် လိုက်ပါခဲ့သော လုံခြုံရေးတပ်ဖွဲ့ (၃)ဦးအား KIA တပ်ရင်း ၆ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်တွင် အစိုးရ၏ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်း ရဲတပ်ဖွဲ့ (၃)ဦးကို ဇန်နဝါရီလ ၁၉ ရက်တွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ သို့သော် အစိုးရ စစ်တပ်က စစ်အင်အား ဖြည့်တင်းမှုများ ရှိနေပြီး တိုက်ပွဲများ ယခုထိ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button