သတင်း

ကချင်ပြည်နယ် တွင် ရှမ်းနီ တပ် SNA များ တိုးချဲ့ ဖွဲ့စည်းနေ

ကချင်ပြည်နယ် အတွင်း ရှမ်းနီ တပ်စခန်းများ တိုးချဲ့ ဖွဲ့စည်း လာနေကြောင်းကို ဧပြီလ ၅ ရက်နေ့ မိုင်ဂျာယန်မြို့ စစ်ရေး အခြေအနေ သုံးသပ် ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိပ်ပိုင်း ခေါင်းဆောင်များ ပြောသည်။

Shanni Nationalities Army (SNA) ရှမ်းနီ တပ်ဖွဲ့များသည် ယခုချိန် ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ ဧရာဝတီမြစ် တကျောနှင့် ဖားကန့်မြို့နယ်၊ ခန္တီး (စစ်ကိုင်းတိုင်း ဖားကန့်အနီး) ဒေသများတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် က ပြောခဲ့ပါသည်။

စစ်ဦးစီးချုပ် ဆက်ပြောရာတွင် ရှမ်းနီ အမျိုးသားများ တပ်မတော် SNA တပ်ဖွဲ့များကို အစိုးရတပ်မှ လက်နက် ထောက်ပံပေးနေပြီး ယခုချိန် စစ်ပွဲတစ်ပွဲစာ တပ်ဖွဲ့တဖွဲ့ကို ကျည်ဆန် ၅၀၀၀ ကျော် စီ ထုတ်ပေးထားပြီး ဖြစ်နေကြောင်း ဆိုပါသည်။

ထို့ကြောင့် တိုင်းရင်းသား တပ်ဖွဲ့ချင်း ပြဿနာ မဖြစ်စေရန် သက်ဆိုင်ရာ ရှမ်းနီ အမျိုးသား ခေါင်းဆောင်များကို KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ မကြာသေးမီ ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ယခုချိန်မှာလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးများ လိုင်ဇာမြို့တွင် ရောက်ရှိနေပြီး မည်သည့် အကြောင်းကြောင့် လာရခြင်းကို မသိရ သေးပါ။

လွန်ခဲ့သည့် အောက်တိုဘာလတွင် ရှမ်းပြည်နယ် တောင်ပိုင်းအခြေစိုက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA-S သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ် ကို လက်မှတ် ရေးထိုးခဲ့သည်။ ထို့နောက် RCSS ဌာနချုပ် Loi Tai Leng မှာ စစ်သင်တန်း ခံယူပြီးသော ရှမ်းနီတပ်ဖွဲ့ အင်အား ၃၀၀ ကျော်သည် အစိုးရတပ်နှင့် RCSS တို့၏ အကူအညီဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်း KIA သတင်းရပ်ကွက် က ပြောသည်။

ရှမ်းနီ အမျိုးသားများ တပ်မတော် SNA ဖွဲ့စည်း လိုက်ကြောင်း သတင်းသည် ယခုနှစ် ဇန်နဝါရီမှာ ထွက်ပေါ်လာသည်။ အဖွဲ့ ခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်း ယခုအချိန်ထိ မသိရသေးသော်လည်း ပါဝင် ဦးဆောင်နေသူများတွင် ၁၉၉၄ ခုနှစ် KIO က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးရန် ပြင်ဆင်နေချိန် KIO ဥက္ကဌ မလိဇွပ်ဇော်မိုင် က KIO နယ်မြေမှ မောင်းထုတ်ခဲ့သော ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) တွင် ပါဝင်ခဲ့သော ရှမ်းနီများ ပါကြောင်း သိရသည်။

“ရှမ်းပြည်နယ်မှာ ကချင်တပ်ဖွဲ့ ရှိ သလို ကချင်ပြည်နယ် မှာလည်း ရှမ်းတပ်ဖွဲ့ ရှိ ရမယ်” ဆိုသော ပြောဆိုမှုသည် အစိုးရ၏ သွေးခွဲမှု လုပ်ရပ် ဟု မှတ်ယူထားကြောင်း KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် ပြောခဲ့သည်။

Show More

Related Articles

Back to top button