သတင်း

KIO အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အောက် DGA ခေါ် အထွေထွေအုပ်ချုပ်ရေးဌာန ၏ အနှစ် (၅၀) ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲတော်ကြီးကို ရှေ့အပတ် နိုဝင်ဘာလ ၁၄၊ ၁၅ ရက်နေ့ ၎င်းထိန်းချုပ်သော လိုင်ဇာမြို့တွင် ကျင်းပမည်ဖြစ်သည်။

၂၀၁၁ ခုနှစ် မြန်မာအစိုးရ နှင့် KIO ကြား တကျော့ပြန် ပြည်တွင်းစစ် ဖြစ်လာပြီး ယခု ရှစ်နှစ်အကြာမှာ ယခုပွဲတော်ကြီးသည် KIO အဖွဲ့၏ ပထမဆုံး ပြုလုပ်သော အကြီးဆုံး ပွဲတော်လည်းဖြစ်သည်။

“ဆုတောင်း ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ အုပ်ချုပ်ရေးဌာန ဖွဲ့စည်းခဲ့တဲ့သမိုင်းတွေကို ပြန်လည် ပြောပြတဲ့ အစီစဉ်ဖြစ်ပါတယ်” ဟု လိုင်ဇာမြို့မှ KIO လက်ထောက် အထွေထွေအတွင်းရေးမှူး (၂) ဆလန်ကဘား Labang Doi Pyisa က ဆိုပါသည်။

KIO ကို စတင်ဖွဲ့စည်းခဲ့သည့် (၉)နှစ်အကြာမှ အုပ်ချုပ်ရေးဌာန (Department of General Administration) ကို ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း DGA အုပ်ချုပ်ရေးဌာန နေ့ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဆလန်ကဘား ဆိုပါသည်။

“အစောပိုင်းက အုပ်ချုပ်ရေးမှူးတွေကို အင်္ဂလိပ်လို Organizer လို့ ခေါ်ဆို ပါတယ်။ အဲဒါ ပြည်သူလူထုကို တော်လှန်ရေးအတွက် စည်းရုံးရေးလုပ်ပါတယ်။ အဲဒီ့နောက် လူနေရပ်ကွက်ကျေးရွာတွေမှာ စည်ပင်သာယာရေး လုပ်ငန်းတွေ လုပ်လာပါတယ်” ဟု သူက ပြောပါသည်။

ကချင်ပြည်နယ် တရုတ်နယ်အနီး KIO ထိန်းချုပ်သော လိုင်ဇာ (Laiza) နှင့် မိုင်ဂျာယန် (Mai Ja Yang) မြို့ နှစ်မြို့တွင် DGA အောက် ရဲတပ်ဖွဲ့၊ မီးသတ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနများ ဖွဲ့စည်းထားပြီး ခေါင်းဆောင်ဖြစ်သင်တန်းကျောင်း တစ်ကျောင်းကိုလည်း ဖွင့်လှစ်ထားပါသည်။

DGA စတင်ဖွဲ့စည်းခဲ့စဉ် ကချင်ပြည်နယ်နှင့် ကချင်ပြည်နယ်ခွဲ (ရှမ်းပြည်နယ်မြောက်ပိုင်း)တွင် အုပ်ချုပ်ရေးဌာန ၁ခုစီနှစ် စုစုပေါင်း ၂ခုသာ ရှိခဲ့သည်။ ယခုချိန် နှစ်ပြည်နယ်တွင် စုစုပေါင်း တိုင်းအုပ်ချုပ်ရေးဌာန စုစုပေါင်း (၉)ခု၊ ခရိုင်အုပ်ချုပ်ရေးဌာန စုစုပေါင်း (၄၀)ကျော်၊ မြို့နယ်အုပ်ချုပ်ရေးဌာန စုစုပေါင်း (၁၀၀)ကျော် နှင့် တိုက်နယ်အုပ်ချုပ်ရေးဌာန စုစုပေါင်း (၂၀၀)ကျော် ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို လက်ခံ လက်မှတ်ရေးထိုးခြင်း မရှိသေးသော KIO နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ တပ်မတော်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တဖက်သတ် ထိုးစစ် ရပ်ထားကြောင်း ကြေညာလိုက်ချိန်ကတည်းက ယခုချိန်ထိ နှစ်ဖက်တိုက်ပွဲများ မရှိသလောက် ရပ်သွားခြင်းဖြစ်သည်။

‘စစ်ရှောင်များ လုံခြုံစွာနေရပ်ပြန်နိုင်ရေးနှင့် အခြားဆွေးနွေးစရာများကို စားပွဲပေါ်တွင်ငြိမ်းချမ်းစွာဖြေရှင်းရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးရန် ကြိုးပမ်းနေကြောင်း’ အောက်တိုဘာ (၂၅)ရက်ကျရောက်သော KIO ၏ (၅၉)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး Nban La မိန့်ခွန်းတွင် ဖော်ပြထားသည်။

အစိုးရ နှင့် KIO ကြား (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပျက်စီးပြီး ၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့မှ ပြန်လည်ဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် ထွက်ပေါ်လာသော စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိရာ ၎င်းတို့ထဲ ၈ သောင်းကျော်သည် KIO ထိန်းချုပ်နယ်မြေများတွင် ခိုလှုံနေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ယခုချိန် DGA အုပ်ချုပ်ရေးဌာန၏ အဓိကတာဝန်သည် စစ်ရှောင်အုပ်ချုပ်ရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်း ဖြစ်လာကြောင်း ဆလန်ကဘား Labang Doi Pyisa က ဆိုပါသည်။

Show More

Related Articles

Back to top button