သတင်းသတင်းဆောင်းပါး

ကချင်ရိုးရာဓလေ့အတိုင်းပြုလုပ်သည့် ကျိန်ထောင်ပါ ‘ကောက်သစ်စားကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’

နှစ်စဉ် နိုဝင်ဘာလသည် ကချင်လူမျိုးများ၏ ‘ကောက်သစ်စားပွဲတော်’ ကာလဖြစ်သော်လည်း ကျိန်ထောင်ပါ (Chying Htawng Pa) ကျေးရွာတွင်ပြုလုပ်သော ကောက်သစ်စား ပွဲတော်သည် အခြားသောဒေသများထက် ပိုမိုထူးခြားစွာ ကချင်ရိုးရာဓလေ့နှင့်အညီ ပြုလုပ်နေဆဲ ဖြစ်ပါသည်။

ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)

ဝိုင်းမော် ဆဒုံမြို့နယ်ခွဲရှိ အဆိုပါကျေးရွာတွင် နှစ်ခြင်းခရစ်ယာန်ယုံကြည်သူ ဒေသခံများက နိုဝင်ဘာ ၁၁-၁၂ ရက်များတွင် ‘ကျေးဇူးတော်ချီးမွမ်းခြင်း ကောက်သစ်စားပွဲတော်’ ကို ၂ ရက်သာ ပြုလုပ်ခဲ့ကြပါသည်။

တစ်နှစ်တာအတွင်း မိမိတို့ တောင်ယာ ၊ လယ်ယာ စိုက်ပျိုးမြေမှ ပထမဆုံးရရှိသော ဆန်၊ စပါး၊ ကောက်ပဲ၊ သီးနှံများနှင့်အတူ မွေးမြူထားသော ကြက်၊ ဝက်၊ နွားများကိုလည်း ရိုးရာနဲ့အညီ ယဇ်ပူဇော်မှုများဖြင့် ပြုလုပ်မှု မြင်တွေ့ခဲ့ရပါသည်။

ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)

ကချင်ဒေသတိုက်ပွဲကြောင့် ကောက်သစ်စားပွဲကို ရိုးရာဓလေ့နှင့်အညီ နေရာအနှံ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းသောအားဖြင့် ကျိန်ထောင်ပါဒေသခံများက ကြိုးစား လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ကျိန်ထောင်ပါ နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာ Rev. Dawshi Brang Aung က ယခုလို ပြောဆိုထားပါသည်။

‘‘ကချင်လူမျိုးတွေ ဘိုးဘေးစဉ်ဆက် ပြုလုပ်ကျင်းပခဲ့တာပါ။ ပြီးရင် ဒါဟာ ကျနော်လူမျိုးတွေ အင်မတန်မှ တန်ဖိုးထားရတဲ့ ရိုးရာတစ်ခုလည်းဖြစ်တယ်။ အခြားညီနောင်တွေရဲ့အမြင်မှာလည်း ကျနော်တို့ရဲ့ ယဇ်ပူဇော်တတ်တဲ့ ထုံးတမ်းတွေကိုလည်း သိမြင်သွားမယ်။ အခုနောက်ပိုင်းဆို နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရိုးရာနှင့်အညီ ပြုလုပ်ကျင်းပနိုင်တာ ရှားလာတယ်။ ဒါကြောင့် ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရတာဖြစ်တယ်” ဟု သူက ပြောဆိုသည်။

ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)

ကောက်သစ်စားပွဲ ၂ ရက်အတွင်း ထူးခြားသော အစီအစဉ်များအနေဖြင့် ဝါးဖြင့် မီးရရှိအောင် ပြုလုပ်သည့် ပြိုင်ပွဲ ၊ စပါးထောင်းပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲနှင့် ကချင်အနုအပညာရှင်များ၏ တေးဂီတဖျော်ဖြေပွဲများလည်း ပါဝင်ခဲ့သည်။

ပွဲတော်ကို ကျိန်ထောင်ပါဒေသခံများတည်းမဟုတ်ဘဲ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နှင့် အနီးတဝိုက်ရှိ ကျေးရွားများမှ လူဦးရေ ၂၀၀ ကျော်ခန့်က လာရောက်ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)

တောင်ယာ လယ်ယာလုပ်ငန်း အများစု လုပ်ကိုင်သော ကချင်လူမျိုးများသည် နှစ်စဉ် ကောက်ပဲသီးနှံ ရိတ်သိမ်းသည့် ယခုချိန်ကို ကောက်သစ်စားပွဲအဖြစ် နှစ်စဉ်ပုံမှန် လုပ်ဆောင်ခဲ့ကြပါသည်။

သို့သော်လည်း ၂၀၁၁ ကချင်ဒေသတိုက်ပွဲကြောင့် စစ်ရှောင်တစ်သိန်းကျော်သည် ၎င်းတို့ မြေယာပိုင်ဆိုင်မှုများကို စွန့်လွတ်ကာ စစ်ရှောင်နေရချိန် ဖြစ်ပါသည်။

မြို့ပေါ်တွင်နေထိုင်သော ကချင်ခရစ်ယာန်များကလည်း မိမိတို့ တတ်နိုင်သမျှ ‘ကောက်သစ်စားပွဲတော်’ ခေါ် ‘ကျေးဇူးတော်ချီးမွမ်းပွဲ’ ပြုလုပ်နေဆဲ ဖြစ်ပါသည်။

ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)
ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)
ကျိန်ထောင်ပါကောက်သစ်စားပွဲတော် ၂၀၁၉ (နိုဝင်ဘာ ၁၁-၁၂)
Show More

Related Articles

Back to top button