သတင်း

ချီဖွေချောင်းရေ အနီရောင်ပြောင်းလဲ စီးဆင်နေမှု ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် ချီဖွေမြို့ရှိ ချောင်းရေ အနီရောင်အဖြစ် ပြောင်းလျှက် (၃) ရက်ကြာ စီးဆင်းနေကြောင်း ချီဖွေဒေသခံ ဦးဇောင်းဒိုင် ထံမှ သိရပါသည်။

ပန်ဝါဖက်မှ စတင်စီးဆင်းလာသည့် ဇုန်လုန်ချောင်းသည် လွတ်ပီကျေးရွာတွင် ချီဖွေချောင်းဖြင့် ပေါင်းခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချီဖွေချောင်းအနီရောင်အဖြစ် ချီဖွေဒေသခံများက တွေ့မြင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။

“ရေတွေ အရမ်းနီနေတော့ ရေကို ထိဖို့တောင် ကြောက်နေတယ်။ အပေါ်ကနေကြည်လိုက်ရင် သွေးတွေ စီးနေသလိုဖြစ်နေတယ်။ ရေဒီလောက်နီနေတာကို အစိုးရ နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေလည်း သိပါစေ..ပြည်သူတွေအတွက် ဒီရေသန့်ရှင်းဖို့ နဲ့ ဒီရေက ကျနော်တို့ ပြည်သူတွေ အသုံးပြုနိုင်အောင် အစိုးရက ဘယ်လို နည်းလမ်းသုံးပေးမယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီသတ္တုမတူးပါနဲ့လို့ တားမြစ်တာလည်း မဟုတ်ဘူး..တူးတယ်ဆိုလည်း ကျနော်တို့ပြည်သူတွေ အသုံးပြုနေတဲ့ ရေကို မထိပါစေနဲ့…ပြည်သူတွေအနေနဲ့ သက်ဆိုင်တဲ့အစိုးရကို ဖြစ်စေချင်တယ်။” ဟု ချီဖွေဒေသခံ ဦးဇောင်းဒိုင်က ပြောပါသည်။

မြေရှားသတ္တုတူးဖော်သည့် စွန့်ပစ်ပစ္စည်း ၊ ဓာတုဆေးဝါး နှင့် ရေလောင်ကန်ပေါက်ခြင်းကြောင့် ရေအနီရောင်သို့ ပြောင်းလဲသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားပါသည်။

ယခုကဲ့သို့ ချီဖွေချေင်းအတွင်း ရေအနီရောင်ပြောင်းလျှက် စီးဆင်းနေသည်မှာ ပထမအကြိမ်ဖြစ်ပြီး ချီဖွေဒေသခံများ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ရေအနီရောင်ပြောင်းနေသည့် ချောင်းအတွင်း ငါးဖမ်းပြီး ဝမ်းရေးရှာဖွေစားသောက်နေသည့် ချီဖွေဒေသခံအချို့တွင်လည်း အခက်ခဲများ ရှိနေကြသည်ဟု ဆိုပါသည်။

ချီဖွေအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စကို စီစစ်နေဆဲဖြစ်ကြောင်း ပြောပါသည်။

“ကျနော်တို့ လောလောဆယ်တော့ ဘယ်ကဖြစ်တာလည်းဆိုတာကို ခုမှ ရှာနေတုန်း ရှိသေးတယ်။ ဘယ်ကန်က ဖြစ်တာလည်း တရားဝင်ကန် ၊ တရားမဝင်ကန် ကျနော်တို့လည်းမသိရသေးဘူး။ အခု စီစစ်ဖို့လုပ်နေတုံးပဲ ရှိသေးတယ်။” ဟု ချီဖွေမြို့နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးစိုင်းညွန့်က KNG ကချင်သတင်းဌာနကို ပြောဆိုထားသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့၌ ချီဖွေချောင်းတွင် နေပြည်တော်အဆင့်မှ လာရောက် ကွင်းဆင်းစစ်ဆေးခဲ့စဉ် စိုးရိမ်နိုင်ဖွယ် မရှိဟုချီဖွေဒေသခံများအား ပြောဆိုခဲ့သော်လည်း ယခု ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရေအနေအထား အနီရောင်သို့ ပြောင်းလျှက် စီးဆင်းခဲ့ခြင်းဖြစ်သည်။

ချီဖွေချောင်းသည် မေခမြစ်သို့ စီးဝင်သည့် ချောင်းတစ်ခုဖြစ်ပါသည်။

Show More

Related Articles

Back to top button