သတင်း

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် တရုတ်သမ္မတကို ကချင်အဖွဲ့စည်းများ တောင်းဆို

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆဲပေးရန်နှင့် အခြားအချက် (၉)ချက်ပါ အိတ်ဖွင့်ပေးစာကို ကချင်အဖွဲ့အစည်း (၅၀)ကျော်မှ တောင်းဆိုလိုက်ပါသည်။

သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇-၁၈ ရက်များအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ရေးရာ အနှစ် (၇၀)ပြည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံသမ္မတတစ်ဦးမှ မြန်မာပြည်ကို လာရောက်ခြင်းလည်း ဖြစ်ပါသည်။

အိပ်ဖွင့်စာတွင် တရုတ်နိုင်ငံဖြင့် နယ်နမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်မှ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများအကြောင်းကို အဓိကထား တောင်းဆိုထားကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများမှ ဦး Tsaji ပြောပါသည်။

“ကျနော်တို့ ပြည်နယ်မှာ ပဠိပက္ခဖြစ်နေတာတွေကိုလည်း သိမြင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေး လမ်းကြောင်းတွေ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံထားမှုတွေကို တရားမျှတစွာ လုပ်ဆောင်ပေးဖို့ ရည်ရယ်ပြီး သူတို့ တရုတ်နိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ တရားလမ်းတွေနဲ့အညီ ကျနော်တို့မှာလည်း ဖြည့်ဆည်းပေးပါ။ မလုပ်မနေရ လုပ်နေရတဲ့ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ဆောင်တဲ့အခါ ဒီအချက်တွေကို လိုက်နာပေးစေလိုတဲ့အတွက် ဒီစာကို ရေးရတာပါ” ဟု သူက ဆိုသည်။

တောင်းဆိုချက်များတွင် ‘တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်အတွင်း အကောင်ထည်ဖော်နေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းလေးစားရန်၊ ဒေသခံဌာနေပြည်သများ၏ သမိုင်းဝင် ထုံးတမ်းများ တန်ဖိုးထားရန်၊ စီမံကိန်းမစခင် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးရန်’ စသည်တို့ ပါဝင်ပါသည်။

ထို့အပြင် ကချင်လို Mali-N’mai Zup ခေါ် မြစ်ဆုံရေကာစီမံကိန်းကြီးကိုလည်း အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ကို တွေ့ရပါသည်။

ကချင်ပြည်နယ်တွင် တရုတ်အစိုးရ၏ ရင်းနှီးမြုပ်နှံမှုများစွာရှိနေပြီး ၎င်းတို့မှာ ရပ်စဲထားသည့် မြစ်ဆုံစီမံကိန်း၊ Kambaiti (ကန်ပိုင်တီ)နယ်စပ်ကုန်သွယ်ရေးဇုန်၊မြစ်ကြီးနားစီးပွားရေးဇုန် နှင့် တရုတ်လုပ်ငန်းရှင် လာရောက်မြုပ်နှံသည့် တစ်သျှူးငှက်ပျော၊ ကြံစိုက်ပျိုးမှု နှင့် မြေရှားသတ္တု တို့ဖြစ်ပါသည်။

အိတ်ဖွင့်စာ မိတ္တူများကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် တရုတ်သံရုံး ထံသို့ လည်း ပေးပို့ထားကြောင်း သိရပါသည်။

Show More

Related Articles

Back to top button