သတင်း

မျက်မြင်သက်သေများထွက်ဆိုရန် စိုးရိမ်သဖြင့် KBC ဆရာမ ၂ ဦးအမှု မပေါ်ပေါက်ဟုဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်အမှု ၅နှစ်ကြာသော်လည်း မျက်မြင်သက်သေများ၏ ထွက်ဆိုရန် စိုးရိမ်ကြောက်စိတ်များရှိနေသဖြင့် ယနေ့ချိန်ထိ အမှုမှန်မပေါ်ဘဲ ကြန့်ကြာနေခြင်းဟု KBC ဥက္ကဌ ပြောပါသည်။

ဇန်နဝါရီလ ၁၉ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည့် ဆရာမ တန်ဘောင်ခေါင်နန်စင် နှင့် ဆရာမ မရန်လုရာတို့ ၂ ဦး၏ (၅)နှစ်ပြည့် အောက်မေ့ လွမ်းဆွတ်ဖွယ် ဆုတောင်းပွဲ အခမ်းအနားတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ ဒေါက်တာ Hkalam Sam Son ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ဒီအမှုမှန် အမြန်ပေါ်ပေါက်ဖို့ အဓိကတော့ ရှမ်းပြည်ကောင်းခါးမှာနေတဲ့ ဒေသခံ မျက်မြင် သက်သေတွေက အင်မတန်မှ အရေးကြီးပါတယ်။ သူတို့အနေနဲ့ သတ္တိရှိဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ မျက်မြင်သက်သေတွေဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကို တရားရုံးမှာ ကောင်းကောင်းမွန်မွန် ဖြေပေးဖို့တောင်ဆိုခဲ့တယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ခဲ့ ကြဘူး။ သူတို့ရဲ့စိုးရိမ်မှုက အတိုင်းထက်အလွန်များနေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း သူတို့ကို အတင်းအဓမ္မ မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အဖြစ်မှန်အားလုံးကို ပြောပြနိုင်ခဲ့ရင် တရားခံကို အလွယ်တကူ ရှာနိုင်လိမ့်မယ်။ အဲ့ဒီအဆင့်ကို ရောက်ဖို့အတွက် မလွယ်ကူပါဘူး။ ဘာကြောင့် လဲဆိုတော့ အဲ့မှာရှိတဲ့ လူထုတွေအနေနဲ့ ကြောက်စိတ် အရမ်းများ နေတော့ မပြောနိုင်ကြဘူး။ ဒါကြောင့် အခုထိ ဒီအမှုမှန် မပေါ်နိုင်သေးတာပါ”ဟု ပြောဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ခြိမ်းခြောက်မှုများ ရှိခဲ့သလို တရားလိုရှေ့နေများ ပြောဆိုချက်အရ ယခုအမှုမှန်ပေါ်ပေါက်ရေးတွင် အာဏာပိုင်များ ပါဝင်ဆောင်ရွက်မှု အားနည်ကြောင်း သိရသည်ဟု သူက ဆက်လက်ပြောဆိုသည်။

မြစ်ကြီးနား ဂျော်ဘွမ်တောင်တွင်ပြုလုပ်သည့် ဆရာမ ၂ ဦးသေဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် လူဦးရေ ၂ ထောင်ခန့် လာရောက်ပါဝင် ဝန်းရံခဲ့ပါသည်။

(၅) နှစ်ပြည့်အချိန်ထိ အမှုမှန်မပေါ်ပေါက်သေးသဖြင့် မိခင်တစ်ယောက်အနေနှင့် အလွန်စိတ်မကောင်း ဖြစ်ရကြောင်း ဆရာမ Tangbau Hkawn Nan Tsin ၏ မိခင်သူက ယခုလိုပြောပါသည်။

“တစ်နေ့နေ့ တစ်ချိန်ချိန် အမှုမှန်ပေါ်ဖို့ ဆုတောင်းနေပါတယ်။ အမှန်တကယ် ပေါ်ပေါက်အောင်လည်း အားလုံးဝိုင်းဝန်း ကူညီပေးပါလို့ တိုက်တွန်းချင်ပါတယ်။ အစိုးရပိုင်းကလည်း ကျမတို့ KBC ကနေဘဲ ဆောင်ရွက်လို့ အမှုမှန်ပေါ်ပေါက်ဖို့ လုပ်နိုင်မှာမဟုတ်တဲ့အတွက် စိတ်ဝင်တစား မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါ”ဟု ထပ်မံ တောင်းဆိုခဲ့ပါသည်။

ဆရာမ ၂ ဦးအမှုတွင် နှစ်စဉ် အောက်မေ့ဖွယ် ဆုတောင်းခြင်းအခမ်းအနားဖြင့်သာ ပြီးသွားခြင်းမျိုးမဟုတ်ဘဲ အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ဆရာမ Maran Lu Ra ရဲ့အမဖြစ်သူ ဒေါ် San Lung ယခုလို ပြောဆိုသည်။

“အမှုမှန်မပေါ်ပေါက်တာ အခုဆိုရင် ၅နှစ်ရှိသွားပြီပေါ့နော်။ အလွန်စိတ်မကောင်းဖြစ်ရတယ်။ အဲ့ကြောင့် နောက်နှစ်တွေမှာ ပြုလုပ်မည့် ဆုတောင်းပွဲကတွေက ယခုလို အဖြစ်မှန်မသိရသေးတဲ့ ဆုတောင်းပွဲ မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်။ တကယ်အမှန်တရား ပေါ်တဲ့ ဆုတောင်းပွဲ ဖြစ်စေချင်ပါတယ်။ အမှုမှန်ပေါ်အောင်လည်း အားလုံး ဝိုင်းဝန်းကူညီအောင်ရွက်ပေးပါ”ဟု သူကပြောဆိုခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အနေနဲ့လည်း အမှုမှန်ပေါ်ပေါက်ဖို့အတွက် အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ဆောက်ရွက်နေတာဖြစ်ပြီး အမှန်တရားရရှိဖို့လည်း မျက်မြင်သက်သေများကို တွန်းအားပေးကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

 

Show More

Related Articles

Back to top button