Covid-19 Reportingသတင်း

ကချင်ပြည်နယ် တရုတ်နယ်စပ်တွင် Thermal Scanners ဖြင့် Coronavirus စတင်စစ်ဆေး

ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဝတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ရောဂါစစ်ဆေးမှု မြန်ဆန်စေရန် Thermal Scanners (အပူတိုင်းကိရိယာ) ထားရှိထားပြီဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေး ဌာနမှသိရပါသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော အဆိုပါရောဂါကြောင့် ၄ ရက်အတွင်း တရုတ်နိုင်ငံမှ မြန်မာပြည်သို့ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပေါင်း ၂ ထောင်ကျော်ရှိလာသဖြင့် စစ်ဆေးရေးတွင် လစ်ဟမှုမရှိအောင် Thermal Scanners (အပူတိုင်းကိရိယာ) စက်ဖြင့် စစ်ဆေးရန်လိုအပ်နေကြောင်း ဝိုင်းမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့ ယခုလိုပြောသည်။

“အခုက တစ်ရက်နဲ့ တစ်ရက် တရုတ်ပြည်က ပြန်လာတာ ရာနဲ့ချီတယ်။ အဲ့တော့ အခုစစ်ဆေးတဲ့ အပိုင်းမှာ ၂ပိုင်းနဲ့ စစ်ဆေးတယ်။ အခုအသုံးပြုနေတဲ့ Infrared Thermometer နဲ့ ဘဲစစ်နေတယ်။ အဲ့ဒါနဲ့ဘဲဆိုတော့ အချိန်လည်း ယူရသလို လူအင်အားတွေလိုအပ်တာပေါ့။ အခက်အခဲနည်း နည်းရှိတာပေါ့။ ကျနော်တို့ တပ်ဆင်ဖို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ပေးလိုက်တာပါ”ဟုသူကပြောသည်။

လက်ရှိချိန်ထိ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်မှ ဝင်ရောက်လာသူများတွင် ရောဂါကူးစက်မှု မတွေ့ရှိရသေးသော်လည်း ဇန်နဝါရီ ၂၇ရက်နေ့တွင် အပူချိန်ကျော်လွန်နေသည့် တရုတ်နိုင်ငံသား ၃ဦးကို တွေ့ရှိသဖြင့် ပြန်လှည့်ခိုင်းခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။

နယ်စပ်ဂိတ်ပိတ်ရန် ညွန်ကြားချက် မရှိသဖြင့် ကချင်ပြည်နယ်အတွင်း လွယ်ဂျယ် နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ် ၂ ခုတို့တွင် ပြည်တွင်းဝင်ရောက်လာသူများကို အပူချိန်တိုင်းတာမှုများ ပုံမှန်ပြုလုပ်နေကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ထားသည်။

ပြည်နယ်အစိုးရအနေနဲ့ ရောဂါလက္ခာရှိသည့် မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်တွေ့ရှိပါက ကျန်းမာရေးနှင့်ပတ်သက်ပြီး အဆင့်ဆင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကန်ပိုင်တည် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က ယခုလို ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ မြင်တွေ့နေရတာက တစ်ဖက်နိုင်ငံက ဝင်လာတဲ့ သူတွေဆိုရင်လည်း မြန်မာနိုင်ငံသားတွေပိုမျာတာပေါ့နော်။ အဲ့ကြောင့် ဂိတ်ပေါက်ဝမှာ ကျန်မာရေး ဆေးစစ်ဆေးမှု တွေ သေချာလုပ်ပေးတယ်။ ဆရာတွေအနေနဲ့လည်း အသိပညာပေးတာတွေ ပြုလုပ်ပေးတယ်။ နောက် တရုတ်နိုင်ငံသားတွေကိုလည်း သံသယရှိဖွယ်တွေ့ရှိရင် မဝင်ခိုင်းဘူး။ သူတို့ နိုင်ငံကို ပြန်လွှတ်လိုက်တယ်။ ပြီးရင် အရေးပေါ်ယာဉ်တွေလည်းထားထားသည်။ ကန်ပိုင်တည်မှာလည်း ရောဂါကူးစက်ခံရတဲ့ သူကိုတွေ့ရင် သူ့အတွက် ထားဖို့ သီးသန့်ဆောင်တွေလုပ်ထားပါတယ်။ နောက်အဲ့လူနာရဲ့ နမူနာယူပြီး ကျန်တဲ့ သူတွေပြန်မကူးစက်အောင်လုပ်ဆောင်သွားမယ်” ဟု သူက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိသေးကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဌာန ထုတ်ပြန်ချက်များမှ လေ့လာတွေ့ရှိရသည်။

Show More

Related Articles

Back to top button