ရွေးကောက်ပွဲဆိုင်ရာ

ကချင်ပေါင်းစည်းပါတီ KSPP ပထမအကြိမ်ညီလာခံမှ ယာယီဦးဆောင်သူများကို တရားဝင်အဖြစ်ခန့်အပ်

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ပထမအကြိမ်ညီလာခံကို မတ်လ ၃ နှင့် ၄ ရက်တွင် ပြုလုပ်ပြီးနောက် ယာယီဖွဲ့စည်းထားသော ဦးဆောင်ကော်မတီများကို တရားဝင်ဦးဆောင်ကော်မတီများအဖြစ် ဖွဲ့စည်းကာ မူဝါဒများကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

လက်ရှိ KSPP ပါတီ၏ အတည်ပြုထားသော ဦးဆောင်ကော်မတီများမှာ ဥက္ကဌ – ဒေါက်တာ မနမ်တူးဂျာ၊ ဒု- ဥက္ကဌ (၁) ရှေ့နေ ဒေါ်ဒွဲဘူ၊ ဒု- ဥက္ကဌ (၂) ဦးကွမ်ဂရောင်အောင်ခမ်း၊ ဒု- ဥက္ကဌ (၃) ဦးမိထွယ်ဇော်လတ်နှင့် ဒု- ဥက္ကဌ (၄) တောင်သူအရေးလှုပ်ရှာသူ ဒေါ်ဘောက်ဂျာ တို့အသီးအသီးဖြစ်ကြသည်။

ယခင်က UDPKS ပါတီ ဥက္ကဌဖြစ်ခဲ့သူ နှင့် KSPP အဖြစ်ပေါင်းစည်းပြီးနောက် ဒု-ဥက္ကဌ (၁) အဖြစ်ယာယီ ဦးဆောင်ခဲ့သူ ဦးခက်ထိန်နန်သည် လွန်ခဲ့သည့်လတွင် ပါတီမှာ နှုတ်ထွက်ခဲ့သောကြောင့် သူ၏ နေရာတွင် ယခင် UDPKS ပါတီမှ ဒေါ်ဒွဲဘူကို ပြန်လည်ခန့်အပ်ခဲ့သည်။

ကချင်ပါတီ ၄ ခု ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှာ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင်ရှိသည့် ပြည်နယ်သားအားလုံးအတွက် ကိုယ်စားပြုထား သည့်ပါတီဖြစ်သည်ဟု ဒု- ဥက္ကဌ (၁) ရှေ့နေ ဒေါ်ဒွဲဘူ ယခုလိုပြောသည်။

“ကချင်ပြည်နယ်ပြည်သူ့ပါတီက ကချင်ပြည်နယ်မှာရှိကြတဲ့ ပြည်နယ်သားအားလုံး လူမျိုးဘာသာမရွေး ပါဝင်နိုင်တဲ့ ပါတီကြီး တစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာလည်း အောက်ခြေခိုင်ခိုင် ပါတီကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမယ်။ အနာဂတ်မှာ အောင်နိုင်တဲ့ ပါတီဖြစ်မယ်လို့ ယုံကြည်တယ်” ဟု ပြောဆိုသည်။

ပါတီညီလာခံ ၂ ရက်အတွင်း မြို့နယ် ၁၈ခုမှ ပါတီကိုယ်စားလှယ်များ၏တင်ပြချက်များကို အတည်ပြုခြင်း၊ ပါတီ၏ နိုင်ငံမူဝါဒသဘောထားများ၊ ပါတီဖွဲ့စည်းပုံများ၊ ကျား/မရေးရာ မူဝါဒများနှင့် ပါတီ၏ ရှေးလုပ်ငန်းစဉ် (၁၁) ချက်ကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း သိရပါသည်။

ထို့နောက် ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ဆောင်ရာတွင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင်ရှိကြသည့် တိုင်းရင်းသားများကို ကိုယ်စားပြုထားသည့် တိုင်းရင်းသားဒေသခံ ပါတီများဖြင့်လည်း မဟာမိတ် ဖွဲ့သွားမည်ဟု ဒု- ဥက္ကဌ (၂) ဦးကွမ်ဂရောင် အောင်ခမ်း ယခုလိုပြောသည်။

“ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲကို အောင်နိုင်အောင်လုပ်ဆောင်ပြီးမှ တိုင်းနှင့်ပြည်နယ်အသီးသီးက တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားဖို့ရှိတယ်။ ရည်မှန်းချက်ကတော့ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ဖြစ်တယ်။ အဓိကတော့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ပါ” ဟု ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ပါတီကြီးတစ်ခုဖြစ်လာရန်လုပ်ဆောင်နေသည့်အတွက် ပြည်နယ်အတွင်းရှိ သီးခြားပါတီများ ပေါင်းစည်းလာရန်လည်း ကြိုဆိုနေဆဲဖြစ်သည်ဟု ဆိုသည်။

၂ ရက်ပြုလုပ်သည့် ညီလာခံတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈)ခုမှ ပါတီကိုယ်စားလှယ်များနှင့် ဦးဆောင် ကော်မတီများ စုစုပေါင်း ၃၀၀ကျော် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button