သတင်း

ငွေပျော်စံပြကျေးရွာ ဆေးရုံဆောက်ရန်နေရာတွင် ဘုန်းကြီးကျောင်းဆောက်နေမှုကို ယာယီရပ်ခိုင်းထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် လျှာထားသောမြေနေရာတွင် ဗုဒ္စဘာသာဘုန်းကြီးကျောင်း ဆောက်လုပ်နေသည့်အတွက် စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ယာယီရပ်နားထားရန် တားမြစ်ထားသော်လည်း ယနေ့ချိန်ထိ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ငွေပျော်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပြောသည်။

“ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း နားခိုင်းထားတယ်။ သူတို့မနားဘူး ဆက်လုပ်နေတယ်။ ပြီးတော့ ကျနော်သိရသလောက်ဆို ကျနော်ဝန်ကြီးချုပ်ဆီမှာ ကျနော်သွားတွေ့တုန်းကလည်း ဝန်ကြီးချုပ်လည်း နားခိုင်းရပ်ခိုင်းထားဖို့ ညွှန်ကြားချက်ပေးလိုက်ပြီ။ အဲဒါလည်း ဆက်လုပ်နေတုန်းဘဲ ခုကရေတွင်းတူးလိုက် တစ်ခြားနေ့တွေမှာ မလုပ်ဘူး။ တနင်္ဂနွေနေ့မှာမှ ၄ယောက် ၅ယောက်လောက်လာလိုက် ရေတွင်းတူးလိုက် ဟိုဟာလုပ်လိုက် ရိုက်လိုက်လုပ်နေကြတယ်။” ဟု ငွေပျော်စံပြအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။

ငွေပျော်စံပြကျေးရွာစတင်တည်ထောင်စဉ်က တိုက်နယ်ဆေးရုံလုပ်ဆောင်ရန်အတွက် မြေနေရာလျှာထားသည့် မြေနေရာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်နေသည့်အတွက် ယင်းကိစ္စအာ သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပေရန် ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စာတင်ခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ပြောသည်။

ငွေပျော်စံပြကျေးရွာသည် ပလန ကျေးရွာအုပ်စုတွင်ပါဝင်သည့်အတွက် အဆိုပါ ဘုန်းကြီးကျောင်းဆောက်လုပ်ရေး လုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန် လွန်ခဲ့သည့်လတွင် တရားဝင်စာထုတ်ထားကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

“ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ဘဲ ကျနော်တို့ကတော့ စစ်ဆေးနေစဉ်အတွင်းမှာတော့ ဒီလုပ်ငန်းလုပ်တာတွေကို ရပ်နားထားဖို့အတွက် ပြောထားပြီ သူတို့လုပ်ရင် သူတို့ခံပေါ့။ လက်ရှိမှာ မြို့နယ်ကတော့ စစ်ဆေးမူပြုလုပ်နေပြီ” ဟု‌ပြောသည်။

ငွေပျော်စံပြကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်ဒေသအသီးသီးမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များ နေထိုင်ရန်အတွက် ပြည်နယ်အစိုးရမှ ပြန်လည်နေရာချထားရေးကျေးရွာအဖြစ် တည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အိမ်ထောင်စု ၄၃၀ နှင့် လူဦးရေ ၂၂၅၉ ဦးရှိကြောင်း သိရသည်။

“ကျနော်တို့ဒေသခံတွေ အားလုံးက ဒီမြေနေရာမှာ ဘုန်းကြီးကျောင်းဆောက်တာကိုကန့်ကွက်တာ မဟုတ်ဘူး။ ဒီနေရာက အရင်ကတည်းက တိုက်နယ်ဆေးရုံဆောက်ဖို့ဆိုပြီး လျှာထားတာဖြစ်တယ်။ ဥပမာ ပြည်နယ်အစိုးရအနေနဲ့ ဒီနေရာမှာတော့ ဘုန်းကြီးကျောင်းဆောက်ဖို့ လိုအပ်တယ်။ တိုက်နယ်ဆေးရုံကိုတော့ တစ်ခြားနေရာမှာ ဆောက်ရအောင်ဆိုပြီး တိတိကျကျ လုပ်ဆောင်ပေးတာမျိုး ဖြစ်စေချင်တယ်။” ဟု ငွေပျော်စံပြ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးရုံးသို့ မေးမြန်းရန်အတွက် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်သော်လည်း တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button