သတင်း

မိုးကာတဲဖြင့် ၂ နှစ်ခိုလှုံခဲ့ရသော ပမ္မတီးစစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပမ္မတီးစစ်ရှောင်များသည် မိုးကာတဲတွင် ၂နှစ်ခန့်ခိုလှုံခဲ့ပြီးနောက် ပထမဆုံးနေအိမ်ရရှိပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များသည် နမ္မတီးမြို့ ကံလှ ဧမာနွေလဘုရားကျောင်းမှ မြစ်ကြီးနားသို့ စတင်ပြောင်းရွှေ့ကြပြီးနောက် ၂နှစ်ခန့်ကြာမှ ပထမဆုံးနေအိမ်ရရှိကြခြင်း ဖြစ်သည်။

“ကျနော်တို့ အစိုးရကိုလည်း ခက်ခဲရှိတဲ့အကြောင်း အကူညီတောင်းတယ်။ စစ်ရှောင်တွေက မိုးကာတဲနဲ့ နေကြတာဆိုတော့ မိုးတွင်းမှာဆိုလည်း မိုးရွာရင်မိုးယိုတယ်။ တစ်နေ့လုပ်တစ်နေ့စား ရှာထားတဲ့ဆန်တွေလည်း မိုးယိုတော့ စိုကုန်စားစရာဘာမရှိ။ နွေကျတော့လည်း မိုးကာတဲမှာနေရတော့ ထမင်းပေါင်းအိုးထဲနေကြရသလိုဘဲ အရမ်းကိုခက်ခဲတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတွေကို အကူညီပေးဖို့ တင်ပြတဲ့ခါ NRC နော်ဝေးက အဖွဲ့အစည်းကနေလာဆောက်ပေးနေတာဟုတ်တယ်။” ဟု ပမ္မတီးစစ်ရှောင်တာဝန်ခံ သာသနာနယ် ၁၀မှ အမူတော်ဆောင် သင်းအုပ်ဆရာကြီး ဒရှီတန်နောင် ယခုလိုပြောသည်။

ခါနန်စစ်ဘေးရှောင်များသည် ၂၀၁၈ခုနှစ်မှစကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နမ္မတီးကံလှရှိ ဧမာနွေလနှစ်ခြင်းအသင်းတော်တွင် စတင်နေထိုင်ခဲ့ကြသည်။

ထို့နောက် ၎င်းအသင်းတော်ဝင်းတွင်နေထိုင်ကြရာ နေရာထိုင်ခင်းအဆင်မပြေမူများကြောင့် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်တွင် ပြောင်းရွှေ့နေထိုင်ရန် ကချင်ပြည်နယ်အစိုးရ၏ နူတ်မိန့်ဖြင့် ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။

သို့သော် အဆိုပါစစ်ရှောင်များအား စစ်ရှောင်အတုဟု ပြောဆိုကြသူများရှိသည့်အတွက် ၂နှစ်ကြာသည့်တိုင် အဆင်မပြေမှုများ ရ်ှိခဲ့ကြသည်။

“ နမ္မတီး ခါနန်အသင်းတော်က စုစုပေါင်းအိမ်ခြေ ၃၅ ရှိတယ်။ ၃၅အိမ်စလုံး နမ္မတီးကံလှ ဧမာနွေလအသင်းတော်မှာ နေရာကနေ ဒီမြစ်ကြီးနားဘက်ကိုပြောင်းရွှေ့ဖို့ အားလုံးသဘောတူပြီးသား၊ စီစဉ်ထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အဲအသင်းတော်က ဆရာတစ်ဦးဖြစ်တဲ့ ဆရာဇောင်းခေါင်က ၅အိမ်ကိုကျတော့ စည်းရုံးလိုက်တယ်။ ကျန်တဲ့အိမ်ခြေ ၃၀ကျတော့ မြစ်ကြီးနားဘက်ကို ပြောင်းလာတော့ ဒီပြောင်းသွားတဲ့စစ်ရှောင်တွေက အိမ်ယာရှိတယ်။ သူတို့က စစ်ရှောင်အတုတွေဖြစ်တယ်ဆိုပြီး အဖွဲ့စည်းတိုင်းကို လိုက်ပြောထားတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီစစ်ရှောင်တွေအတွက်အကူညီ လိုက်လံတောင်းတဲ့ခါမှာ အခက်ခဲတွေရှိတဲ့အတွက် ခု ၂နှစ်လောက်ကြာသွားတဲ့ထိ မိုးကာတဲမှာ နေနေရခြင်းဖြစ်တယ်။” ဟု သင်းအုပ်ဆရာကြီး ဒရှီတန်နောင် ပြောသည်။

လက်ရှိတွင် အိမ်ခြေ ၃၀ရှိသည့်အနက် ၄ အိမ်သည် မြစ်ကြီးနားမြို့တွင် နေအိမ်များရှိသည့်အတွက် အိမ်ထောင်စု ၂၆ စုအတွက်သာ ဆောက်လုပ်ပေးနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံမှ သိရသည်။

စစ်ရှောင်များအတွက် လူနေဆောင်များအား အဓိကဆောက်လုပ်ပေးနေသည့် (NRC)သို့ ၎င်းကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။

 

Show More

Related Articles

Back to top button