သတင်း

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်နေ့ မြစ်ဆုံဒေသခံများ ပြုလုပ်

မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်မီးရရှိအောင် ပြုလုပ်ခြင်းမဟုတ်ဘဲ ဒေသခံများ၏လူမှုဘဝနေထိုင်မှုများ ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု မတ်လ ၁၄ရက်နေ့ မြစ်ဆုံဒေသတွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနားတွင် Htoi Gender Development ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး ပြောဆိုခဲ့သည်။

အဆိုအခမ်းအနားကို Htoi Gender Development ဖောင်ဒေးရှင်း ဦးဆောင်ပြုလုပ်တာဖြစ်ပြီး၊ မြစ်ကြီးနားမြို့ လုံဂါဇွပ်ကျေးရွာ (မြစ်ဆုံအနီး) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ရေကာတာလုပ်မှ လျှပ်စစ်မီးရမယ်ဆိုတာက မဖြစ်သင့်ဘူး။ ပြောရမယ်ဆိုရင် ရေကာတာလုပ်ရင် အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းက တရုတ် ယူမယ်။ ၁၀ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းက ရှယ်ယာဝင်တွေယူမယ်။ ၅ရာခိုင်နှုန်းသာ ပြည်သူအတွက်သာဖြစ်တယ်။ အဲ့တော့ ဘာအကျိုးအမြတ်မှ မရှိဘူး။ ပြီးရင် ပြည်သူတွေရဲ့ လူမှုဘဝတွေလည်း ပျက်စီးဆုံးရှုံးသွားမယ်။ လူမှုဘဝက နဂိုကနေ အရည်အသွေးရှိပြီးသားဖြစ်တယ်။ အစိုးရအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဖို့တော့လိုတယ်။ ဒါပေမယ့် လှုမှုပတ်ဝန်းကျင်မှာ ထိခိုက်နစ်နာမှု ဘယ်လောက်များလဲ။ ဒါကိုကြည့်ရှု့ရမှာဖြစ်တယ်။ အဲ့ဒါကိုမစဉ်စားဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလုပ်နေဒါက ပြည်သူတွေအတွက်ကြည့်မယ်ဆိုရင် မတရားဘူးပေါ့။ အစိုးရဆိုတာ ပြည်သူတွေရဲ့ စကားသံတွေကို နားထောင်ရမှာဖြစ်တယ်” ဟု Htoi Gender အဖွဲ့မှ ဆရာမ ဒေါ်ဆာလီထွေး ပြောဆိုသည်။

‘အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းနိုင်ဖို့၊ ရေအရင်းအမြစ်ဆုံးရှုံးနိုင်သည့် စီမံကိန်းများကို ဆန့်ကျင်နိုင်ဖို့၊ သန့်ရှင်းသောရေကို လုံလောက်စွာရရှိနိုင်ဖို့၊ ဒေသခံများက မိမိတို့၏ ရေအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့’ စသော ရည်ရွယ်ချက် ၄ခုကို အခြေခံကာ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ လူဦးရေးပမာဏနှင့် မြစ်ဆုံကဲ့သို့သော စီမံကိန်းကြီးကို ပြုလုပ်ရန် မလိုအပ်သေးကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဒု-ဥက္ကဌ (၁) ဖြစ်သော ဒေါ်ဒွဲဘူပြောသည်။

“ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ဟာ အခြေခံလိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ တကယ်လည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုနေတယ်။ ဒီလိုဖွံ့ဖြိုးတိုတက်ဖို့ လုပ်ဆောင်တဲ့နောက်ကွယ်မှာ ဆုံးရှုံးနစ်နာမှုက လိုက်ပါလာတယ်။ အဲ့တော့ မြစ်ဆုံစီမံကိန်းပြီးသွားရင် ဖြစ်လာမယ့် တကယ့် ဆုံးရှုံးနစ်နာမှုတွေ အများကြီးကြုံလာရမှာဖြစ်တယ်။ နောက်ကျမတို့မှာ လူဦးရေအရဆိုရင်လည်း လျှပ်စစ်ကို စီမံကိန်းကြီးကြီးမားမားဖြင့် သုံးဖို့လည်း မလိုသေးပါဘူး။” ဟု ပြောဆိုသည်။

လက်ရှိအာဏာရ NLD အစိုးရ၏ မဲဆွယ်စည်းရုံးရေးကာလတွင် မြစ်ဆုံစီမံကိန်းစာချုပ်နှင့်ပတ်သက်ပြီး တရားဝင်ချပြသွားမည်ဟုပြောဆိုခဲ့သည့်အတိုင်း ချပြခြင်းမရှိသေးပါ။

သို့သော်လည်း စီမံကိန်းစာချုပ်ကို ချပြသည်ဖြစ်စေ၊ မချပြသည်ဖြစ်စေ မြစ်ဆုံစီမံကိန်းရပ်တန့် သွားအောင် ကန့်ကွက်သွားမည်ဟု ဒေါ်ဒွဲဘူ ဆက်လက်ပြောဆိုခဲ့သည်။

စနေနေ့ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားတွင် ပါဝင်သော ဒေသခံ ၅၀ ကျော်က `ဧရာဝတီထာဝရ´ စီးဆင်းနိုင်ရေး စသော စာသားပါ ဆိုင်းဘုတ်ကို ဝါးဖောင် လွတ် အစီအစဉ်များလည်းပြုလုပ်ခဲ့ကြသည်။

 

Show More

Related Articles

Back to top button