သတင်း

သတင်းမီဒီယာများ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရမှု နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတထံ BNI စာပို့

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော သတင်းမီဒီယာများမှ အယ်ဒီတာချူပ်များအား ၎င်းတို့ရင်ဆိုင်နေရသော အမှုများမှ အမြန်ဆုံး ရုပ်သိမ်း ပယ်ဖျက်ပေးပါရန် နိုင်ငံတော်တိုင်ပင်ခံနှင့် သမ္မတထံ Burma News International (BNI) မှ အိတ်ဖွင့်ပေးစာ ပေးထားသည်ဟု သိရသည်။

“သတင်းမီဒီယာသမားများ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် တရားစွဲခံနေရတာကို ကျမတို့ BNI အနေနဲ့က စိုးရိမ်မှုရှိတယ်။ မီဒီယာသမားတွေဟာ အကြမ်းဖက်တဲ့သူတွေမဟုတ်တာကြောင့် ဒီလိုအရေးယူမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံနဲ့နိုင်ငံတော်သမ္မတက အလေးထားပြီး ပယ်ဖျက်ပေးဖို့လိုလားလို့ အိတ်ဖွင့်ပေးစာပို့ရတာဖြစ်ပါတယ်” ဟု BNI မူဝါဒရေးရာ ဥက္ကဌ နန်းဖော့ဂေ ပြောသည်။

BNI အဖွဲ့ဝင်များဖြစ်ကြသော ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချူပ် ခိုင်မြတ်ကျော်အား သတင်းတစ်ပုဒ်တွင် AA ပြောခွင့်ရသူ ခိုင်သုခဖြင့် ဆက်သွယ်မေးမြန်းမှုကြောင့် လွန်ခဲ့သည့်အပတ်တွင် တရားစွဲဆိုထားကာ ၊ Development Media Group (DMG) မှ အယ်ဒီတာချုပ် ကိုအောင်မင်းဦးကိုလည်း မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်မှာ တစ်နှစ်န့် ရှိလာပြီ ဖြစ်သည်။

ထို့အပြင် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချူပ် ကိုသာလွန်ဇောင်းထက်(ခ) ကိုလှိုင်းသစ်ဇင်ေ၀ အား ပြည်ထဲရေးဝန်ကြီး ဌာနမှ ဖမ်းဆီးရန်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် Voice of Myanmar (VOM) အယ်ဒီတာချူပ် ကိုနေမျိုးလင်း(ခ) ကိုနေလင်းအား မန္တလေးတိုင်းဒေသကြီး၊ မှုခင်းသတင်းတပ်ဖွဲ့မှ အမှုဖွင့်ကာ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

“သတင်းမီဒီယာတွေအနေနဲ့ သတင်းကိုရေးသားဖော်ပြရာမှာ ဘက်မျှမှုရှိအောင် သတင်းသမားတွေရဲ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွယ်မေးမြန်းရပါတယ်။ နိုင်ငံတကာမှာလည်း အလားတူပါဘဲ၊ အခု အစိုးရက မတ်လ (၂၃) ရက်မှာ မတရားအသင်း အဖြစ် ကြေညာလိုက်တဲ့ AA အဖွဲ့ကို ဆက်သွယ်မိလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတာမျိူးထက် သတိပေးမှု၊ ညှိနှိုင်းမှုအဆင့်ဆင့်တွေနဲ့ သတင်းမီဒီယာကောင်စီကတစ်ဆင့် ဆောင်ရွက်စေချင်ပါတယ်” ဟု BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ မနန်းဖော့ဂေ ပြောသည်။

မြန်မာနိုင်ငံတွင် မီဒီယာသမားများအား အမှုဖွင့်ခြင်း တရားစွဲဆို လိုခြင်းများရှိပါက မီဒီယာဥပဒေနှင့်အညီ ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) သို့တိုင်ကြားရန်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်မှုအဆင့်ဆင့်ရှိသော်လည်း မီဒီယာကျင့်ဝတ်ကို သိနားလည်ကာလိုက်နာဆောင်ရွက်လျှက်ရှိသည့် MPC ၏ အတွင်းရေးမှူး(၂)နှင့် အဖွဲ့ဝင်တစ်ဦးတို့ကိုယ်တိုင် ရာဇဝတ်မှုဖြင့် အမှုဖွင့်ခံထားရသကဲ့သို့ဖြစ်နေသည်ကိုတွေ့ရကြောင်း ရေးထားသည်။

လက်ရှိ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ် (Covid -19) ကူးစက်ရောဂါကို ကာကွယ်နေစဉ် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ရေးသားထားသည်။

အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် သတင်းအမှားများကို ထိန်းချုပ်ရန် ဝက်ဖ်ဆိုက် ၂၀၀ ကျော်ကို ပိတ်ပင်ရန် အစိုးရသည် ဆက်သွယ်ရေး ကုမ္ပဏီများကို ညွန်ကြားခဲ့ပြီးနောက် တရားဝင် သတင်းကျင့်ဝတ်နှင့်ညီသော သတင်းစာမျက်နာများ ပိတ်ပင်ခံခဲ့ရသည်။

ထိုအထဲတွင် BNI အဖွဲ့ဝင်နိရဉ္စရာ နှင့် DMG သတင်းဌာနတို့၏ သတင်းစာမျက်နာများကို မတ်လ ၂၃ ရက်နေ့မှ စပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် Mytel ဖြင့် ဝင်ရောက်မှု ပိတ်ပင်ခံခဲ့ရသည်။

ထို့အပြင် အခြားသတင်းဌာနများသည်လည်း ဆက်သွယ်ရေး အော်ပရေတာများ၏ ပိတ်ပင်မှုကို ခံခဲ့ရသည်။

Burma News International BNI သည် တိုင်းရင်းသားသတင်းမီဒီယာဌာနများ ပေါင်းစည်းထားသောအဖွဲ့ဖြစ်ပြီး လက်ရှိတွင် စုစုပေါင်း ၁၆ ဖွဲ့ ပါဝင်နေပါသည်။

 

Show More

Related Articles

Back to top button