သတင်း

ဥရုချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် တရားဝင် ရွှေတူးဖော်နေမှုကို ဒေသခံတစ်ချို့သဘောမတူ

ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်သည့်နေရာတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်နေသည်မှာ အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။

တာမခံ ဟောင်ပါးဖက် ဥရုချောင်းရှင်းလင်းရေးလုပ်နေသောအဖွဲ့များမှ ချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် ကျောက်စိမ်းနှင့် ရွှေတူးဖော်လုပ်ငန်းများလုပ်ကိုင် နေကြသည်ဟု ဖားကန့် ဒေသခံတစ်ချို့ ကချင်သတင်းဌာန KNG ကို ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့သည်။

ချောင်းရှင်းလင်းရာတွင်လိုအပ်သော စက်ယန္တရားများကို အစိုးရမှ မတတ်နိုင်သောကြောင့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ ရရှိလာသောသယံဇာတများကို လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် သဘောတူညီမှု ရယူခဲ့ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။

“တာမခံ ခေါင်ပါး က ချောင်းရိုးဖြစ်တဲ့အတွက် အရင်တုန်းကနေ မြေစာပုံတွေက ထူထပ်နေတဲ့အခါကြတော့ ချောင်းရှင်းလင်းဖို့အတွက်က အခက်အခဲဖြစ်တယ်။ အထက်ဘက်မှာ ဘယ်လောက်ဘဲ ဆယ်ဆယ်ရမှာ မဟုတ်ဘူး။ ရှင်းလင်းရေးအတွက် စက်ယန္တရားတွေလည်း အစိုးရက မလုပ်ပေး နိုင်ဘူး။ အဲ့ကြောင့် စက်ယန္တရားတွေနဲ့ လုပ်ငန်းလုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်။ ဒါပေမယ့် သဘောတူညီချက်တွေတော့ ရယူရတာပေါ့။ ထွက်ရှိလာတဲ့ သယံဇာတ တွေကို လုပ်ထုံးလုပ်နည်းအရဆောင်ရွက်သွားမယ်လို့ သဘောတူထား တယ်’’ ဟု ပြောဆိုသည်။

ဥရှချောင်းရှင်းလင်းရေးကို လုံးခင်းအုပ်စု မော်ဘုံချောင်းဆုံ၊ မှော်စီဇာ၊ နန့်မဖြစ်၊ မော်ဝမ်းချောင်းဆုံ၊ အေးမြသာယာ၊ ဆန်းကြွယ်၊ နန့်မှော် ပေါက်ဝနှင့် တာမခံ ဟောင်ပါး စသော နေရာအထက်ပိုင်းနှင့်အောက်ပိုင်း ၂ပိုင်းအဖြစ် ၈ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ဝန်ကြီး ဦးဒရှီလဆိုင်း ဆက်လက်ပြောဆိုသည်။

ဖားကန့်တွင် နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အတွက် ဥရုချောင်းရှင်းလင်းခေါင်းစဉ်အောက် ကျောက်စိမ်းတူးဖော်မှုနှင့်ရွှေမျှောတိုက်သည့် လုပ်ငန်းများ လုပ်ဆောင်နေမှုသည် ထိရောက်မှုမရှိသည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိသဖြင့် ခွင့်မပြုသင့်ကြောင်း ဖားကန့်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (Green Land) ဥက္ကဌ ဦး Ying Hkaw မှ ယခုလိုပြောသည်။

‘‘ဥရုချောင်းရှင်းလင်းတဲ့အဖွဲ့က ဥရုချောင်းကို ပိတ်တန်းလုပ်ပြီး ကျောက်စိမ်းတူးဖော်တယ်။ နောက် ချောင်းရှင်းလင်းရေး ပြုလုပ်တယ်ဆိုပြီး ဥရုချောင်းထဲကိုဘဲ ရွှေမျှောပြန်တိုက်ချတယ်။ အဲ့လိုလုပ်နေတာ့ ချောင်းရှင်းလင်းရေး ဘယ်လောက်ဘဲ လုပ်လုပ် ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ပြီးရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်နဲ့ကြည့်ရင်လည်း ဥပဒေနဲ့ မညီညွတ်ဘူး။ အစိုးရကိုလည်း ဒါကို ခွင့်မပြုပေးဖို့ တောင်းဆိုချင်တယ်’’ဟု ပြောသည်။

ဥရုချောင်းရှင်းလင်းရေးကို ယခင် အများပိုင် ကုမ္ပဏီများက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်မှစ၍ ပြည်ထောင်စု၏ ညွှန်ကြားချက်နှင့်အညီ ပြည်နယ်အစိုးရ နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျောက်မျက်တူးဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် လူမှုအဖွဲ့အစည်း (၂)ဦး အသီးသီးပါဝင်ကာ လုပ်ဆောင်နေကြောင်း သိရပါသည်။

ထိုသို့ အကျိုးတူလုပ်ဆောင်နေမှုများကြောင့် ဥရုချောင်းရှင်းလင်းရန် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားမှုသည်လည်း အချည်းနှီးသာဖြစ်သည်ဟု ချောင်းရှင်းလင်းရေး ကော်မတီတွင် ပါဝင်သော ဒေသခံ တစ်ဦး ယခုလိုပြောသည်။

‘‘သူတို့က ဥရုချောင်းရှင်းလင်းရေးဆိုပြီး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားတာဖြစ်တယ်။ ဒါပေမယ့် တစ်ချို့က အစိုးရနှင့် နားလည်မှုတွေ ယူပြီး လုပ်ကွက်တွေ လုပ်စားနေတာကို မြင်တွေ့နေရတာဖြစ်တယ်။ အဲ့လိုသာ လုပ်နေရင် ကော်မတီတွေ ဖွဲ့စည်းထားရင်လည်း အလကားဘဲ။ ပြီးရင် ရှင်းလင်းရေးဘယ်လောက်ဘဲလုပ်လုပ် ထိရောက်မယ်လို့ မထင်ဘူး။ ချောင်းရှင်းလင်းရေး ခေါင်းစဉ်ခံပြီး အစိုးရနဲ့အကျိုးတူ လုပ်တာတွေက မဖြစ်သင့်ဘူး’’ ဟု ပြောသည်။

ဥရုချောင်းရှင်းလင်းရေးအောက် ရွှေတူးဖော်ရန် ပြည်နယ်အစိုးရထံ ကုမ္ပဏီ ၁၆ ခုတင်ပြထားရာမှ ကုမ္ပဏီ ၈ ခု ကိုသာ ခွင့်ပြုထားကြောင်း သိရသည်။

 

Show More

Related Articles

Back to top button