Covid-19 Reportingသတင်း

COVID-19 ကြောင့် အောင်မြင်သာ ဒေသခံများ စားဝတ်နေရေးခက်ခဲလာ

COVID-19 ကူးစက်ရောဂါကြောင့် မြစ်ကြီးနာမြို့ အောင်မြင်သာကျေးရွာရှိ အပန်းဖြေစခန်းများကို ယာယီပိတ်လိုက်ပြီးနောက် အဆိုပါလုပ်ငန်းကို မှီခိုလုပ်ကိုင်စားသောက်နေကြသောဒေသခံများသည် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း ပြောသည်။

အောင်မြင်သာ ဝါရုံတော၊ နဂါးအိုင်နှင့် ရေပြာအိုင်စသော အပန်းဖြေ စခန်းများကို မတ်လကတည်းက ပိတ်လိုက်သောကြောင့် ထိုနေရာကို မှီခိုပြီးဈေးရောင်းနေရသော အောင်မြင်သာကျေးရွာဒေသခံတစ်ချို့က စားဝတ်နေရေးအခက်ကြုံနေရသည့် ဝါးရုံတောတွင် ဆိုင်ဖွင့်ထားသည့်ဒေသခံ ဒေါ်လုရာ က ပြောသည်။

“အောင်မြင်သာ ဝါးရုံတောမှာ ဈေးရောင်းနေတာ ၂နှစ်လောက်ရှိနေပြီ။ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနေရတာပေါ့။ ဒါပေမယ့် ကိုဗစ်-၁၉ကြောင့်အခုဆိုရင် အပန်းဖြေစခန်းတွေပိတ်ထားတာ ၁လကျော်နေပြီ။ အဲ့ကြောင့် စားဝတ်နေရေး အရမ်းခက်ခဲသွားတယ်။ မိသားစုက များတော့ တခြားဝင်ငွေလည်းမရှိဘူး။ အစိုးရက အခြေခံလူတန်းစားတွေကို ထောက်ပံ့တာတွေရှိတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ကျမတို့က မရပါဘူး။ ပြီးရင် ဒီရောဂါက ဘယ်လောက်ထိကြာမယ်ဆိုတာလည်း မသိရဘူး။ ဒီထက်ကြာအုံးမယ်ဆိုရင် စားစရာတောင်ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

အောင်မြင်သာကျေးရွာနှင့် ဧရာဝတီမြစ်တစ်ဖက်ခြမ်းရှိ မလိယန်ရွေ့ပြောင်းကျေးရွာတို့သည် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မလိဇွပ်၊ တန်ဖရဲ၊ ပဒန့်ပါ စသည့် ကျေးရွာများကို စုစည်းကာ ၂၀၁၀ ခုနှစ်ခန့်မှ စတင်တည်ရှိလာသော ရွေ့ပြောင်းကျေးရွာဖြစ်သည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော ကျေးရွာများဖြစ်ကြသောကြောင့် လက်ရှိအခြေအနေတွင် အစိုးရတို့အနေဖြင့် တာဝန်ယူသင့်ကြောင်း ဒေါ်လုရာက ပြောသည်။

အိမ်ခြေ ၄၀၀ကျော်ရှိသည့်အနက် အများစုမှာ အပန်းဖြေရိပ်သာစခန်းတွင် ဈေးရောင်းကြသူများ ဖြစ်ကြသည်။

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိတုန် နော်ဂျာ က “ကျနော်တို့ဒေသခံတွေက ဒီမှာနေလာတာ အခုဆို ၁၀နှစ်လောက်တော့ ရှိလာပါပြီ။ ဒါပေမယ့် ရွာက အခုချိန်အထိ အထိုင်မကျသေးဘူး။ စီးပွားရေးလည်း အရမ်းခက်ခဲတဲ့နေရာဖြစ်တယ်။ လုပ်ကိုင် စားသောက်ဖို့လည်း အရမ်းခက်ခဲတယ်။ တစ်ခုတော့ရှိတယ်။ အနီးတဝိုက်ရှိတဲ့ အပန်းဖြေစခန်းတွေမှာ ဈေးရောင်းနေကြတာများတယ်။ ဒါပေမယ့် အခုက ကိုဗစ်-၁၉ရောဂါက ပြန်ဝင်လာတော့ ဒေသခံတွေက ပိုပြီး အခက်တွေ့သွားတာပေါ့။ ရှိတဲ့ဆိုင်တွေလည်း ပိတ်ထားတယ်။” ဟု ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းကို အကောင်အထည်ဖော်နေသည့် တရုတ် CPI ကုမ္ပဏီက ဒေသခံများကို တစ်ဦး ဆန် ၃ပြည်ဖြင့် ၄လတစ်ကြိမ် ထုတ်ပေးနေကြောင်း သိရသည်။

 

Show More

Related Articles

Back to top button