Covid-19 Reportingသတင်း

COVID-19 ပညာပေး ပန်းချီရေးဆွဲသူ လူငယ် ၃ ဦးအမှု ကျေအေးမှု မရ

သာသနာညိုးနွမ်းစေပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမှ ပန်းချီရေးဆွဲသူ လူငယ် ၃ဦး၏ အမှုကို တရားလိုဘက်မှ မကျေအေးသဖြင့် မေလ ၁၁ ရက်တွင် အမှုစတင် စစ်ဆေးတော့မည်ဟု သိရသည်။

ကချင်ပြည်နယ်သာသာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က တရားလိုပြုကာ ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်၊ မစီစီလျာဂျာဆိုင်း၊ ကိုနော်ထွန်းအောင်တို့အား ဧပြီလ ၃ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်း ဖြစ်သည်။

“တရားရုံးမှာ တရားသူကြီးက တရားလိုဘက်ကိုမေးပါတယ်။ ဒီအမှုကတော့ ကျေအေးလို့တော့မရဘူးပေါ့။ ဒါပေမယ့် ရုတ်သိမ်းဖို့ရှိလား မရှိဘူးလားမေးတော့ သူတို့ဘက်က ခုတရားလိုလုပ်ပြီးစွဲထားတဲ့ဒုညွှန်ကြားရေးမှူးက သူ့သဘောတစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရဘူးလို့ ပြန်ဖြေပါတယ်။ အဲကြောင့် မကျေအေးလို့ အမှုစ စစ်တော့မှာဖြစ်တယ်။” ဟု တရားစွဲဆိုခံရသူများဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူ က ပြောသည်။

မေလ ၁၁ရက်နေ့တွင် တရားလိုပြသက်သေ ၂ဦး၊ မေလ ၁၈ရက်နေ့တွင် ၂ဦး၊ မေလ ၂၅ရက်နေ့တွင် ၂ဦး စသဖြင့် မေလအတွင်း တရားလိုပြသက်သေများကို အပြီးသတ်စစ်ဆေးသွားမည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ အမှုသည် ဧပြီလ ၃ရက်နေ့တွင် Covid-19 ပညာပေးအစီစဉ်ဖြင့် မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် ပန်းချီရေးဆွဲခဲ့ရာ ယင်းပန်းချီ၏ ဘယ်ဘက်ထောင့်၌ဆွဲထားသည့် သေမင်းတမန်ပုံကိုရေးဆွဲရာတွင် သေမင်းတမန်၏ဝတ်ရုံသည် ဗုဒ္ဓဘာသာရဟန်း၏ သင်္ကန်းနှင့် ဆင်တူနေသည့်အတွက် ဝေဖန်မူများရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဧပြီလ ၃၀ရက်နေ့တွင် စွပ်စွဲခံရသော လူငယ်သုံးဦးအတွက် အာမခံလျှောက်ရာ တစ်ဦးလျှင်ငွေကျပ်သိန်း ၁၀၀ စီဖြင့် အာမခံရရှိခဲ့ကြသည်။

Show More

Related Articles

Back to top button