သတင်း

အခြားနယ်မှ ဈေးသည်များ လာရောက်ရောင်းချမည်ကို စီတာပူရပ်ကွက်ဈေးသည်များ ကန့်ကွက်နေကြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် တက္ကသိုလ်ကျောင်းဝင်းအနောက်ဘက်တွင်ရှိသည့် စီတာပူ ညဈေးတန်းနားတွင် အခြားနယ်မှဈေးသည်များအားလုံးကို ရောင်းချခွင့်မပြုနိုင်ကြောင်း ရပ်ကွက်ဈေးသည်များက ကန့်ကွက်နေကြသည်။

လက်ရှိ ထိုနေရာတွင် စီတာပူဒေသခံ ဈေးသည် ၄၀ခန့်စုရုံးကာ အခြားနယ်မှ သူများ ဈေးလာမရောင်းရန် စောင့်နေကြသည်ကို တွေ့ရသည်။

“ကျနော်တို့ရပ်ကွက်တွင်း ညဈေးတန်းလေးရှိပြီ နောက်ထပ်ယာယီဈေးဆက်ပြီးခွင့်ပြုမယ်ဆိုရင် ဈေးသည်တွေအားလုံးက လက်ခံကြမှာမဟုတ်ဘူး။ အားလုံးကိုယ့်ရပ်ကွက် ကိုယ့်နေရာနဲ့ဘဲရောင်းစေချင်တယ်။ ခုဒီမှာက မိုးညှင်းဘက်၊ ဝိုင်းမော်၊ မိုးကောင်း၊ နယ်အစုံကဘဲ လာရောင်းနေကြတာ။ တစ်ရက်ကို ရောင်းတဲ့ လူရောဝယ်တဲ့လူရော ၂၀၀လောက်ကို ရှိနေတယ်။ ဒီကိစ္စကို သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ မဟုတ်ရင်လူသတ်မူတွေထိဖြစ်လာနိုင်တယ်။ မနေ့ကတောင် ဈေးသည်တစ်ယောက်နဲ့လမ်းဘေးနားက ဒေသခံတစ်ယောက်ရန်ဖြစ်ပြီးပြီ ဒီတိုင်းဆိုမလွယ်လောက်ဘူး။ ခုဒီနေ့ဆို ကျနော်တို့လာစောင့်နေလို့ ခုထိမလာကြသေးတာ ခုနတစ်ချို့တွေ ဒီမှာဝေ့လည်လည်နဲ့ လာလုပ်နေကြတယ်။” ဟု စီတာပူဒေသခံ ဈေးသည် ဦးမောင်နိုင်က ပြောသည်။

Covid-19 ကြောင့် စီတာပူ ညနေဈေးအား ဧပြီလမှရောင်းချခြင်းမပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် စီတာပူ ဒေသခံဈေးသည်များလည်း ရပ်နားထားကြကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကိစ္စကို ဖြေရှင်းပေးရန် စီတာပူအုပ်ချုပ်ရေးမှူးထံလည်း ဈေးသည် ၃၀ကျော်ခန့်က သွားရောက် ကန့်ကွက်ထားကြောင်းလည်း ဈေးသည်များထံမှ သိရသည်။

“ဒီကိစ္စတွေကို ကျနော်တို့လည်းအတတ်နိုင်ဆုံးတားပါတယ်။ ဒါပေမယ့်ဘယ်လိုမှတားမရဘူး အကြိမ်ကြိမ်သွားတားပြီ ဟုတ်တယ်။ နောက်ဆုံးတားလို့မရတဲ့နောက်မှာ စည်ပင်ကိုဘဲလာပြီး ကြီးကြပ်ပေးဖို့ တင်ပြတော့ စည်ပင်ကနေပြီးတော့ ကျန်းမာရေးနဲ့ညီညွှတ်အောင် တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာမှာ ရောင်းချခွင့်ပြုဖို့ပြောလာတော့ ကျနော်တို့လည်း ၆ပေအကွာရောင်းနိုင်ဖို့တွက် စီစဉ်နေပါတယ်။ ပြီးတော့ ပိတ်ထားတဲ့ညနေဈေးကိုလည်း တစ်ခါတည်းရောင်းခွင့်ပြုမှာဖြစ်တယ်။” ဟု စီတာပူအုပ်ချုပ်ရေးမှူး ဦးဇော်အောင်က ပြောသည်။

သို့သော် ဒေသခံဈေးသည်များပင် ရပ်ကွက်ညနေဈေးရောင်းခွင့်မရှိသေးသည့်အချိန်တွင် အခြားနယ်မှသူများ လာရောက်ရောင်းချနေကြသည့်တွက် လုံးဝလက်မခံနိုင်ကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။

“ဒီနေ့မနက်ကြားနေတာတော့ ယာယီဈေးပုံစံခွင့်ပြုပေးဖို့ ပြောတာကြားရတယ်။ ညဈေးတစ်ခုလုံးရှိရက်သားနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ညဈေးမှာက အားလုံးကိုယ့်ဆိုင်ခန်းနဲ့ကိုယ် ရောင်းနေကြတာ။ ဒီမှာက ကားလမ်းမကြီးဘေးလည်း ဟုတ်တယ်။ ပြီးတော့ အဓိကမိန်းလမ်းဘေးမှာက သူတို့ကိုရောင်းခွင့်ပြုမယ်ဆိုရင် အတွင်းဘက်ကျတဲ့ ကျမတို့ညဈေးတန်းမှာ ရောင်းတဲ့သူတွေတွက် အရမ်းခက်ခဲလာနိုင်တယ်။ အဓိက ကိုယ့်ဒေသက ဈေးသည်တွေကို ဦးစားပေးပါလို့ပြောချင်တယ်။” ဟု ဈေးသည် မြင့်မြင့်ဦးက ပြောသည်။

အဆိုပါနေရာတွင် အခြားနယ်မှလာရောက်ရောင်းချမည့်ဈေးသည်များကို ယာယီဈေးတန်းရောင်းချခွင့်ပြုမည်ဆိုပါက ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဈေးသည်များက ဆိုသည်။

 

Show More

Related Articles

Back to top button