သတင်း

တိုက်ပွဲရပ်တန့်ပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ရေးလုပ်ဆောင်ပေးရန် ကချင်အဖွဲ့များတောင်းဆို

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်လက်နက်ကိုင်များသဘောတူညီမှု တစ်စုံတစ်ခု ရရှိမှသာလျှင် နေရပ်ပြန်ရေးသည် စိတ်ချရမည်ဖြစ်သည်ဟု ယနေ့ ကချင်တိုက်ပွဲ ၉ နှစ်ပြည့်နေ့တွင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။

တိုက်ပွဲ ၉ နှစ်ပြည့်အစီစဉ်နှင့်ပတ်သက်ပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ယနေ့ မနက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် WMR အကြံပေး သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson က ပြောဆိုခဲ့ခြင်းဖြစ်သည်။

‘‘တစ်ခုခုသဘောတူညီမှုရှိမှသာလျှင် နေရပ်ပြန်ရေးဟာစိတ်ချရမှာဖြစ်တယ်။ ဒါကြောင့် Bilateral က စိတ်ချမှု တစ်ခုအနေနှင့် လိုအပ်တာဖြစ်တဲ့အတွက် တိုက်တွန်းထားခြင်းဖြစ်တယ်။’’ ဟုပြောသည်။

WMR အဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ရှောင်များ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာနေရပ်ပြန်ရေး၊ နေရပ်မည့်ဒေသများတွင် သက်ဆိုင်ရာမှ မြေမြုပ်မိုင်းရှင်းလင်းပေးရန်နှင့် စစ်တပ်စခန်းများကို ဆုတ်ခွာပေးရေး၊ နေရပ်ပြန်ရေး ဆန္ဒမရှိသော စစ်ရှောင်များအတွက် မြေလွတ်မြေရိုင်းများကို နေထိုင်ခွင့်ရရှိရေးအတွက် စီစဉ်ပေးရန်၊ လက်နက်ကိုင်ပဠိပက္ခ အဆုံးသတ်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တောင်းဆိုချက် စသည်တို့ ပါဝင်သည်ကို တွေ့ရသည်။

ထို့အပြင် ကချင်အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံပါဝင်သော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ Joint Strategy Team ကလည်း ကချင်နှင့်ရှမ်းမြောက်ဒေသ တစ်ကျော့ပြန်တိုက်ပွဲ ၉ နှစ်ပြည့်နေ့တွင် အချက် ၄ ချက်ဖြင့်တောင်းဆိုချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

၎င်းတို့မှာ တစ်နိုင်ငံလုံးတွင် စစ်ပွဲများ ချက်ချင်းရပ်တန့်ပေးရန်၊ IDP များ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူညီများရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများလုပ်ဆောင်နေသော ဒေသခံအဖွဲ့အစည်းလူပုဂ္ဂိုလ်များကို လေးစားရန် စသည့်အချက်တို့ဖြစ်သည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုအဖွဲ့ (KHCC) က လုပ်ဆောင်နေသလို ရှမ်းမြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တွင်လည်း ရက်ပိုင်းအတွင်း တပ်မတော်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ နှစ်ဖက်တပ်ကြား သဘောတူ Bilateral လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း KHCC နှင့် NRPC တို့ ညှိနှိုင်းပြီး နေရပ်ပြန်နိုင်ရေး စီစဉ်နေသည်ဟု သိရသည်။

တိုက်ပွဲ ၉ နှစ်ပြည့်သည့်အချိန်တွင် စစ်ရှောင်တချို့နေရပ်ပြန်မှုများ ရှိခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် စစ်ရှောင်စခန်းတွင် စစ်ရှောင်စခန်း ၁၇၀ နှင့် စစ်ရှောင်လူဦးရေ ၁၂၀၀၀၀ ကျော်ရှိသေးသည်ဟု JST ၏ ထုတ်ပြန်ချက်မှ သိရသည်။

မြန်မာပြည်၏ ပြည်တွင်းစစ်ပဠိပက္ခသည် ၁၉၄၇ ပင်လုံစာချုပ်ကတိကဝတ် မဖော်ဆောင်နိုင်သောကြောင့် ဖြစ်ပေါ်လာသောနိုင်ငံရေးပြဿနာဖြစ်သဖြင့် တိုက်ပွဲများအမြန်ရပ်တန့်ကာ တွေ့ဆုံ့ဆွေးနွေးခြင်းဖြင့်အဖြေရှာရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကလည်း တောင်းဆိုထားသည်ကို တွေ့ရသည်။

သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲမှာ ယခုနှစ်ဆန်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘောတွေ့ဆုံခဲ့သည်မှာ နောက်ဆုံးဖြစ်ပြီး Covid-19 ကြောင့် တွေ့ဆုံမှု ရပ်တန့်နေသည်ကိုတွေ့ရသည်။

Show More

Related Articles

Back to top button