သတင်း

သခင်စစ်ကုမ္ပဏီကိုတရားစွဲဆိုထားသည့်အမှု တရားလိုသက်သေ ရဲစခန်း၏ထွက်ဆိုမှုကို အားရကျေနပ်မှု မရှိဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားထားသည့်အမှု ဇွန်လ ၁၅ရက်နေ့ ရုံးချိန်းတွင် တရားလိုသက်သေဖြစ်သော ရဲစခန်း၏ထွက်ဆိုချက်အပေါ် ကျေနပ်အားရမှုမရှိကြောင်း တရားလို သတင်းထောက် မွန်းမွန်းပန် ထံမှ သိရသည်။

“ဒီနေ့ရုံးချိန်းကို လုံးဝအားမရဘူး။ ဘာလို့လဲဆိုရင် အမှုစစ်ထွက်ဆိုတဲ့အချက်မှာ အခင်းဖြစ်တဲ့နေ့ကဖမ်းထားတဲ့ အသံဖိုင်ကို အခင်းဖြစ်တဲ့နေ့မှာ မပေးခဲ့ဘဲနဲ့ နောက်ကျမှပေးတယ်ဆိုတဲ့အချက်တွေဖြစ်နေတယ်။ နောက်တစ်ချက်က ကျမတို့အဲနေ့က သက်သေခံပစ္စည်းတွေကိုအပ်တယ်။ ရဲစခန်းကလက်မခံဘူး။ သူတို့ကပြောတာ နောက်မှအပ်ပါတဲ့။ ကျနော်တို့ခေါ်တဲ့ချိန်မှ အပ်ရမယ်။ ခုအပ်လို့မရဘူးဆိုပြီး ခုမအပ်သေးနဲ့ဆိုပြီးပြောတယ်။ ပြီးတော့အဲနေ့ကလည်း အမှုကိုစောစောမဖွင့်ပေးဘူး။ ကျေအေးဖို့ဘဲထပ်ခါထပ်ခါလာပြောနေတာ။ အဲချိန်ကျတော့ နေ့လည် ၁၁နာရီကတည်းကနေ ည ၁၀နာရီလောက်မှ အိမ်ပြန်ရတယ်။ ပြီးလို့ရှိရင် အသေးစိတ်အချက်လက်ကိုလည်း တရားရုံးရောက်မှပြော ဒီမှာကအသေးစိတ်အချက်လက်တွေကို မရေးလည်းရတယ် မှတ်မိသလောက်ဘဲပြော အဲလိုတွေပြောတဲ့ချိန်ကျတော့ မပါနိုင်တဲ့အချက်လက်တွေရှိသွားတာပေ့ါနော်။ အဲအမှုဖြစ်တဲ့နေ့မှာ ကျမသတင်းတွေမှာ ဘယ်လိုဖြေထားတယ်။ အဲနေ့က ကျမအကျီၤကြယ်သီးက ဘယ်လိုပြုတ်ထားတယ် မပြုတ်ထားဘူးဆိုတာ အဲနေ့ကျမတို့ရှေ့နေအပြင် တစ်ခြားသတင်းထောက်တွေလည်း အားလုံးတွေ့မှာပါ။ ခုက ကျမကဘဲ အဲဒီကြယ်သီးတွေကို စွဲဖြုတ်ထားတဲ့အနေထားမှာ ရှိနေတယ်။” ဟု မြစ်ကြီးနားဂျာနယ် သတင်းထောက် မွန်းမွန်းပန်က ပြောသည်။

သခင်စစ်ကုမ္မဏီနှင့် မြစ်ကြီးနားသတင်းဂျာနယ်တို့ အပြန်အလှန်တရားစွဲဆိုမှုမှာ ၁ နှစ်ကျော်ရှိနေပြီး၊ မြစ်ကြီးနားဂျာနယ်ဘက်မှ စွဲဆိုထားသည့်အမှုတွင် ဇွန်လ ၁၅ ရက်နေ့ တရားလိုသက်သေ ရဲစခန်း၏ ထွက်ဆိုချက်လွှဲမှားနေသည့်အချက်ရှိနေသည့်အတွက် ကျေနပ်အားရမှုမရှိကြောင်း မွန်းမွန်းပန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရားလိုဘက်မှ အမှုစဖြစ်သည့်နေ့တွင် သက်သေအဖြစ်တင်သွင်းခဲ့သည့် အသံဖိုင်နှင့် အကျီစသည့်တို့ကို ရဲစခန်းမှ လက်မခံခဲ့သည့်အတွက် ၃လပိုင်း ၁ရက်နေ့တွင် CD ဖိုင်ပေးပို့ခဲ့ပြီး၊ ၃လပိုင်း ၉ရက်နေ့တွင် Mp3 Record ကို ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“သူ့ရဲ့ဥပဒေကြောင်းအရဆို အမှုနဲ့ပတ်သက်တဲ့ဟာကို တရားလိုဘက်က စပေးကတည်းက ရဲတွေယူခဲ့ရမှပေါ့။ ယူဖို့လည်း ကျနော်တို့အကုန်လုံးက ပြောတယ်။ အဲဒါကိုသိမ်းပေးပါ ဒါအမှုအတွက် သက်သေခံပစ္စည်းဟုတ်တယ် စ တိုင်ကတည်းက သိမ်းခိုင်းတာသူတို့က မသိမ်းဘူး။ အဲတော့ ဒီနေ့တရားရုံးမှာလာထွက်တဲ့ချိန်ကျတော့ မပေးပါဘူးဆိုပြီး လာထွက်ကြတာ။ အဲတော့ အမှုဖြစ်ပြီး တစ်ပတ် ဒါမှမဟုတ် ၁၄ရက်လောက်ကြာတဲ့ခါကျမှ ကျနော်တို့ကဘဲ အဲသက်သေခံပစ္စည်းကို ရဲကိုအပ်တယ်ပေါ့။ အမှုဖြစ်ပြီးအဲလောက်ကြာမှအပ်တဲ့ပစ္စည်းက အစစ်အမှန်တစ်ကယ် အသံဖမ်းထားတာ ဟုတ်မဟုတ် အကျီပြဲတာကလည်း သူတို့ပြသာနာဖြစ်ခဲ့တာ ဟုတ်မဟုတ်ကိစ္စမှာ သံသယဖြစ်စရာ ဖြစ်လာတာပေါ့ဗျာ” ဟု တရားလိုဘက်မှ ရှေ့နေဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။

ရဲစခန်းဘက်မှ လက်မခံခဲ့သည့် အဆိုပါသက်သေခံပစ္စည်းသည် ရဲစခန်း၏ပေ့ါဆမှုသာ ဖြစ်သည့်အတွက် ၎င်း၏အမှုနှင့်ပတ်သက်ပြီး နစ်နာမှု မရှိစေရန် အကောင်းဆုံးညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ သခင်စစ်ကုမ္မဏီက မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးအား ဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက်ဟုဆိုကာ မြစ်ကြီးနားသတင်းဂျာနယ်ရုံးမှ ဝိုင်းမော်မြို့ရှိ ၎င်းတို့ကုမ္ပဏီရုံးခန်းသို့ ခေါ်ဆောင်ပြီးနောက် အမျိုးသမီးသတင်းထောက်ဖြစ်သည့် မွန်းမွန်းပန်အား ခြိမ်းခြောက်ပြောဆိုကာ ဂျာနယ်ဖြင့် ပါးရိုက်ခဲ့ပြီး သတင်းထောက် အဂျေအား ထိုင်ထတစ်သိန်းလုပ်ရန် ခြိမ်းခြောက်စေခဲ့သည့်အတွက် မြစ်ကြီးနား သတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီအား အသရေဖျက်မူ ပုဒ်မ ၅၀၀ ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့်နောက် သခင်စစ်ကုမ္ပဏီဘက်မှလည်း မြစ်ကြီးနား သတင်းဂျာနယ်တိုက်အား တရားစွဲဆိုခဲ့ပြီး အပြန်အလှန် တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီဖြစ်သည်။

မည်သူမဆို အခြားတစ်ဦးဦးအား အသေရဖျက်မူ တစ်ခုခုကျူးလွန်လျှင် ထိုသူအား ထောင်ဒဏ် (၂) နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button