သတင်း

မြစ်ကြီးနားမြို့နယ်တွင် ဆိုင်ကယ်ပျောက်ဖူးသူများ နယ်မြေရဲစခန်းတွင် လာရောက်စုံစမ်းရယူနိုင်

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးခံရသည့် ပြည်သူများအနေဖြင့် ပျောက်ဆုံးထားသောမိမိတို့ဆိုင်ကယ်များအား မြစ်ကြီးနား ခေမာသီရိရပ်ကွက်ရှိနယ်မြေရဲစခန်းတွင် လာရောက်စုံးစမ်းနိုင်ပြီဟု သိရသည်။

ဇွန်လ ၁ရက်နေ့တွင် ၁စီး၊ ဇွန်လ ၂၀ရက်နေ့တွင် ၁၀ စီး ဖမ်းဆီးရမိထားသည့်အတွက် ဆိုင်ကယ်ခိုးခံထားရသည့် ပြည်သူများအနေဖြင့် မိမိတို့ဆိုင်ကယ်ဖြစ်ကြောင်း မှန်ကန်ကြောင်းသက်သေအထောက်ထားပြည့်စုံစွာဖော်ပြနိုင်ပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲမှူးဦးမြင့်မိုးက ပြောသည်။

“ဆိုင်ကယ်အမျိုးစား၊ ပျောက်တဲ့ရက်၊ ဆိုင်ကယ်ဝယ်တဲ့ချိန်မှာပါတဲ့စာအုပ်၊ နောက်သူတို့မှတ်မိနိုင်တဲ့ဆိုင်ကယ်အမှတ်အသား အဲဒါတွေပြောနိုင်တယ်။ ပြနိုင်တယ်ဆိုလို့ရှိရင် ကျနော်တို့က ပိုင်ရှင်တွေနဲ့သက်သေတွေနဲ့တရားရုံးမှာ တရားစွဲတင်တဲ့ခါကျရင် ဆိုင်ကယ်ကိုပြန်ထုတ်ယူလို့ရတယ်။” ဟု ပြောသည်။

ထို့အပြင် ယခုနှစ်ဆန်းပိုင်းမှ ဇွန်လ ၂၂ရက်နေ့အထိ မြစ်ကြီးနားမြို့နယ်တွင် ဖော်ထုတ်ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်ပေါင်း ၄၅ စီးရှိပြီ ဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။

“အစပိုင်းဖမ်းထားရတဲ့ ၃၄ စီးကတော့ ပိုင်ရှင်ပေါ်ပြီဖြစ်တဲ့တွက် ပြန်အပ်လိုက်ပြီ။ ခုလက်ရှိ ၁၁စီး ရှိတယ်။ ပိုင်ရှင်မပေါ်တဲ့ ဆိုင်ကယ်တွေကိုတော့ တရားရုံးသို့တင်ပို့ပြီး နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းဆည်းမှာဖြစ်တယ်” ဟု မြစ်ကြီးနားမြို့နယ်ရဲမှူးမြင့်မိုးက ဆက်လက်ပြောဆိုသည်။

Show More

Related Articles

Back to top button