သတင်း

အစိုးရသင်ရိုးညွန်းတမ်းတွင် ကချင်လူမျိုးများ၏အခေါ်ဝေါ်မှားယွင်းနေမှုကို ပြင်ဆင်ပေးရန် တောင်းဆိုသွားမည်

အစိုးရအခြေခံပညာရေး သတ္တမတန်း ပထဝီဘာသာရပ်သင်ရိုးညွှန်းတမ်းအသစ်တွင် ကချင်မျိုးနွယ်စုဝင်များ၏ အမည်နာမကို မှားယွင်းဖော်ပြထားမှုကို အမှားပြင်ဆင်ပေးရန်အတွက် ကချင်မျိုးနွယ်စုဝင်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့များက တောင်းဆိုသွားမည်ဟု သိရသည်။

“ဒီပတ်အတွင်း စာတင်သွားမှာဖြစ်တယ်။ မျိုးနွယ်စုဝင်အားလုံးပေါင်းပြီးတော့တင်မလား၊ ဒါမှမဟုတ် မျိုးနွယ်စုဝင်တစ်ခုစီဘဲ တင်မလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။” လော်ဝေါ်စာပေယဉ်ကျေးမူ ဗဟိုကော်မတီမှ ဦးဒေါင်ဟောင်းက ပြောသည်။

အဆိုပါ စာပေယဉ်ကျေးမှုအဖွဲ့များသည် အခြေခံပညာရေးဦးစီးဌာန၏ ဒေသသင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပါဝင်သူများဖြစ်ပြီး တစ်နိုင်ငံလုံးအသုံးပြုသည့် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနဲ့မူ မသက်ဆိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အဖွဲ့မှာတော့ ကချင် ၆မျိုးနဲ့ ရှမ်း ၅မျိုးပါတယ်။ အဓိကတော့ တစ်နိုင်ငံလုံးသုံးမယ့် ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့တော့ မပါဘူး။ ကျနော်တို့က ဒေသ သင်ရိုးညွှန်းတမ်းရေးဆွဲရတာပါ။ ခုဒီလိုသင်ရိုးညွှန်းတမ်းမှာ အမှားတွေထည့်သွင်းရေးဆွဲတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမျာ အားလုံးကလည်း ကချင်ရိုးရာယဉ်ကျေးမူ ဗဟိုကိုဘဲပြေးမြင်ကြတယ်။ မျိုးနွယ်စုဝင်တိုင်းမှာစာပေယဉ်ကျေးမူဆိုပြီးတော့ သပ်သပ်စီ ခွဲထားတာတော့ မဟုတ်ဘူး။ စာပေနဲ့ပတ်သက်လာရင် မျိုးနွယ်စုဝင်အသီးသီး စာပေယဉ်ကျေးမူအဖွဲ့မှ လိုအပ်သလိုယာယီကောမတီဖွဲ့ပြီး ဖြေရှင်းကြတာဖြစ်တယ်။ ခုလည်း အခြေခံပညာစာသင်ကျောင်းမှာ သင်ရိုးညွှန်းတမ်းရေးဆွဲဖို့ မျိုးနွယ်စုဝင်များ ကိုယ်စား တစ်မျိုးနွယ်က တစ်ဦးစီပါဝင်ပြီး သင်ရိုးညွှန်တမ်းရေးဆွဲတဲ့ထဲမှာပါဝင်ရတာဖြစ်တယ်။” ဟု လော်ဝေါ်စာပေယဉ်ကျေးမူ ဗဟိုကော်မတီမှ သိရသည်။

ဒေသသင်ရိုးညွန်တမ်းသည် အခြားသင်ရိုးကဲ့သို့မဟုတ်ဘဲ မိမိတို့ဒေသတွင်သာ သင်ရန်ရေးဆွဲရခြင်းဖြစ်ပြီး တတိယတန်းထိသာ ရေးဆွဲပြီးစီးထားသေးကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် တစ်နိုင်ငံလုံးအတိုင်းတာ သုံးရန်တွက် ကချင်မျိုးနွယ်စုဝင်များ၏ အမည်နာမထည့်သွင်းရေးဆွဲထားသည့် သတ္တမတန်း သင်ရိုးညွှန်းတမ်းတွက်မူ ၎င်းတို့စာပေအဖွဲ့အား ညှိ့နိူ်င်းဆောင်ရွက်မူ တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ကချင်လူမျိုးများ၏ ခေါင်းစဉ်အောက်တွင်ပါဝင်သော မျိုးနွယ်စုအမည်များ စာလုံးပေါင်းသတ်ပုံ မှားယွင်းမှုနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် လာရောက်တိုင်ပင် အတည်ပြုချက်ရယူခြင်းမရှိခဲ့သည့်အတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်း မြန်မာနိုင်ငံကချင်လူမျိုးများယဉ်ကျေးမူဗဟို (WHG) ကလည်း ဇွန်လ ၂၄ ရက်နေ့တွင် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

“သတ္တမတန်းရဲ့ ပထဝီဘာသာရပ်ရဲ့ ကချင်လူမျိုးဆိုတဲ့ခေါင်းစဉ်အောက်မှာ မျိုးနွယ် ၁၂မျိုးနဲ့ဖော်ပြထားတာတွေ့ပါတယ်။ စာလုံးသတ်ပုံမှားတယ် ရေးသားထားမှုတွေ အမည်နာမခေါ်ဆိုမူတွေအားလုံးမှားနေတယ်။ ဒါပေမယ့် လူမူကွန်ယက်တွေမျာတော့ (WHG)မှာတာဝန်ရှိတယ်ဆိုပြီး ပြောဆိုတာတွေတွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သင်ရိုးညွှန်တမ်းဆွဲတဲ့ဟာတွေအားလုံးက ကျနော်တို့ (WHG)နဲ့ မသက်ဆိုင်ဘူးလို့ပြောချင်ပါတယ်။” ဟု WHG ဥက္ကဌ အသစ်ဆရာကြီး ဦးလနူးက ပြောသည်။

၁၉၅၅ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့တွင် ပြည်ထောင်စု တရားရေးဝန်ကြီးဌာနက ကချင်လူမျိုးများဟူသည့် ခေါင်းစဉ်အောက်တွင် ဂျိန်းဖေါ့(Jinghpaw)၊ အဇီး(Atsi)၊ လရှီ(Lashi)၊ မရူ(Maru)၊ ယောရင်(Lisaw)၊ နုံ(ခနုံ-ရဝမ်) Nung(Hkanung-Rawang) စသည့် အမည်နာမအား တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့သော်၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-7 သင်ရိုးညွှန်းတမ်းတွင် ကချင်မျိုးနွယ်စုများကို တဂုံ၊ ဒလောင်၊ ဂေါရီ၊ ခခူး၊ ဒုရင်း၊ အကီး စသဖြင့် လွဲမှားစွာဖော်ပြထားသည်။

“ဒီသတ္တမတန်းသင်ရိုးမှာ တိုင်းရင်းသာတွေရဲ့အကြောင်းအရာတွေကို ဖော်ပြပေးတာ တိုင်းရင်းသားတွေရဲ့တည်ရှိမူနဲ့ သူတို့အကြောင်းအရာတွေကို ငယ်ငယ်ကတည်းကနေ ကျောင်းသူ/သားတွေကို သိစေချင်လို့ ဖော်ပြချင်လို့ အဲရည်ရွယ်ချက်နဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်ဆိုတာတော့ ကျမတို့လက်ခံပါတယ်။ ဒီမှာရေးထားတဲ့အသုံးနူန်းကို ကြည့်မယ်ဆိုရင်တော့ မှားယွင်းမူများကြီးတွေ့ရပါတယ်။ ကျမပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တုန်းကရော ခုချိန်ထိ ဒါတွေကို တစ်စိုက်မတ်မတ် တင်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့တော့ ရှေ့ဖြစ်ဟန်ထက် နောက်ဖြစ်ဟန်က ပိုဆိုးနေတယ်ဆိုတဲ့ စကားပုံအတိုင်းဖြစ်နေတယ်။” ဟု တရားလွှတ်တော်ရှေ့နေ WHG ဥပဒေအကြံပေးတစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူကပြောသည်။

NLD အစိုးရလက်ထက်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်သော တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင်လည်း ယခုမှားယွင်းမှုကို အဓိကကူညီဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိဝေဖန်မှုများပြားနေသော သတ္တမတန်း ပထဝီဘာသာရပ်တွင် ကချင်လူမျိုးများ၏အခေါ်အဝေါ်မှားယွင်းစွာဖော်ပြထားမှုနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိပါက မြန်မာနိုင်ငံကချင်လူမျိုးများရိုးရာ ယဉ်ကျေးမူဗဟို (WHG) မှလည်း အမှားပြင်ဆင်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ စာဆက်တင်သွားမည်ဖြစ်ကြောင်း (WHG) ဥပဒေအကြံပေးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

Show More

Related Articles

Back to top button